မိုင်းနှင့် လေကြောင်းရန်ကြောင့် မောင်တောမြို့ခံအများစု နေရပ်ပြန်ရန် တွန့်ဆုတ်နေ

မိုင်းနှင့် လေကြောင်းရန်ကြောင့် မောင်တောမြို့ခံအများစု နေရပ်ပြန်ရန် တွန့်ဆုတ်နေ

နေရပ်ပြန်ဝင်လာကြသည့် မောင်တောဒေသခံများအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - APM

ရခိုင်ပြည်၊ မောင်တောမြို့မှ စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံများကို အာရက္ခတပ်တော် (AA) မြို့တွင်းသို့ ပြန်လည်နေထိုင်ခွင့်ပြုပြီးနောက် မြို့ခံများမှာ ဝင်ရောက်နေထိုင်မှုများ ရှိလာနေသော်လည်း အများစုမှာ လုံခြုံရေးစိုးရိမ်ချက်ကြောင့် နေရပ်ပြန်ရန် တွန့်ဆုတ်နေကြသည်ဟု သိရသည်။

မြို့တွင်းသို့ ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ပြုနေသော်လည်း အများစုမှာ စစ်ကောင်စီ၏ လေကြောင်းနှင့် မိုင်းအန္တရာယ်ကို စိုးရိမ်၍ ဝင်ရောက်နေထိုင်မှု နည်းပါးနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“အခုက ပြန်ဝင်ခွင့်ပေးတယ်ဆိုတော့ အိမ်ပြန်ချင်တာပေါ့။ ဒါပေမယ့် လေကြောင်းရန်တွေ၊ မိုင်းအန္တရာယ်တွေကို စိုးရိမ်နေရတော့ မပြန်ဖြစ်သေးဘူး။ လုံခြုံရေးအခြေအနေတွေ စောင့်ကြည့်ပြီးမှ ပြန်ဝင်ဖို့ဆုံးဖြတ်ထားတယ်” ဟု မောင်တောဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လဆန်းပိုင်းတွင် စတင်ဖြစ်ပွားသည့်တိုက်ပွဲကြောင့် မောင်တောဒေသခံများမှာ ဘေးလွတ်ရာတွင် တိမ်းရှောင်ခဲ့ရပြီးနောက် ယခုနှစ်၊ ဇန်နဝါရီလမှ စ၍ မောင်တောမြို့ခံကို AA က အသုတ်လိုက် ပုံစံမျိုးဖြင့် မြို့တွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်ခွင့် ပေးနေခြင်းဖြစ်သည်။

ယခုရက်ပိုင်းတွင်လည်း မောင်တောမြို့ရှိ မြို့မအရှေ့ရပ်ကွက် ၊ ရပ်ကွက် ၁၊ ရပ်ကွက် ၃၊ ရပ်ကွက် ၄ ၊ ရွှေဇားနှင့် အောင်ဗလရပ်ကွက်များမှ ဟိန္ဒူလူမျိုး အိမ်ထောင်စု ၉၀ ခန့်၊ လူဦးရေ ၄၀၀ ခန့်ကို ထပ်မံ၍ နေထိုင်ခွင့်ပြုခဲ့သည်။

“AA က နောက်ထပ် မောင်တောဒေသခံ ဒီရက်ပိုင်းအတွင်းမြို့ထဲ ပြန်ဝင်ခွင့်ပေးထားတာရှိတယ်။ အခု တစ်ခေါက် ပြန်ဝင်လာတဲ့သူတွေကတော့ နည်းတယ်လို့ ပြောလို့ရတယ်။ ရပ်ကွက် ၁ တို့ ရပ်ကွက် ၃ တို့က ဟိန္ဒူတွေ ပြန်ဝင် လာကြတယ်” ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ၂၆ ရက်နေ့အတွင်းက မောင်တောဒေသခံ ရခိုင်အိမ်ထောင်စု ၉၀၀ နှင့် မွတ်ဆလင် အိမ်ထောင်စု ၅၅၀ စုစုပေါင်း လူဦးရေ ၄,၆၀၀ ကျော်ကို မြို့တွင်းသို့ဝင်ရောက် နေထိုင်ခွင့်ပြုခဲ့သည်။

“စားဝတ်နေရေး အခက်အခဲတွေက ရှိနေတုန်းပဲ။  အိမ်အတွင်းက ပစ္စည်းတွေဆိုရင်လည်း ဖျက်စီးခံလိုက်ရတော့ နေဖို့ထိုင်ဖို့က အခက်အခဲတွေ ရှိနေသေးတယ်” ဟု မောင်တောမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

မောင်တောမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော် AA က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်တွင် အပြီးသတ်သိမ်းပိုက် ထိန်းချုပ်ထားသည်။

လက်ရှိမောင်တောမြို့အတွင်း ဒေသခံများလုံခြုံရေးအတွက် AA က နေ့၊ ညကင်းလှည့်ကာ လုံခြုံရေးယူပေးနေပြီး မိုင်းရှင်းလင်းရေးများလည်း ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...