တနင်္သာရီတွင် စစ်ရှောင် ၂၀၀ ဦးကျော် ယားနာနှင့် ဝမ်းရောဂါဖြစ်နေ

တနင်္သာရီတွင် စစ်ရှောင် ၂၀၀ ဦးကျော် ယားနာနှင့် ဝမ်းရောဂါဖြစ်နေ

တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများ၌ လူ ၂၀၀ ဦးကျော် ယားနာနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားနေသည်ဟု မြေပြင်ကူညီနေသူများက ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းထိုးလာသည့်အတွက် တနင်္သာရီမြို့နယ်အတွင်းရှိ သိန်ခွန်းကျေးရွာအုပ်စုနှင့် ထုံမခါရွာ၊ သဘော့လိပ်ငယ်ရွာများမှ ဒေသခံများ စစ်ဘေးရှောင်နေရပြီး ကျန်းမာရေးစောင့်ရှောက်မှု အားနည်းသည့်အတွက် ယခုလို ရောဂါဖြစ်ပွားနေခြင်းဖြစ်သည်ဟု မြေပြင်စစ်ဘေးရှောင် ကူညီသူတစ်ဦးက ပြောဆိုသည်။

“အခုလက်ရှိမှာ ဒီရောဂါကို ခံစားနေရတဲ့သူ စုစုပေါင်း ၂၀၀ ဝန်းကျင်ရှိတယ်။ နေရာထိုင်ခင်း မလုံလောက်တာရယ်။ ပြီးတော့ သောက်သုံးရေ မလုံလောက်တာကြောင့် အဓိကဖြစ်တယ်။ နွေကိုရောက်လာပြီးဆိုတော့ ရေခမ်းတာတွေလည်း ရှိလာတယ်။ နောက်တစ်ခုက ယင်လုံအိမ်သာတွေ အလုံအလောက် ဆောက်ထားတာမရှိဘူး။ စစ်ဘေးရှောင်နေရတဲ့အတွက် ဖြစ်သလို အပေါ့၊ အလေး သွားနေရာကနေ အခြေနေပိုဆိုးလာတယ်” ဟု ၎င်းကပြောသည်။

တနင်္သာရီ-မောတောင် ကားလမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးတပ်တို့ နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်ပြီး တိုက်ပွဲကာလ ကြာရှည်နိုင်သည်။

ထို့ကြောင့် ဒေသခံများကို လိုအပ်သည့် ဆေးဝါးနှင့် အခြေခံစားနပ်ရိက္ခာများ တတ်နိုင်သမျှ စုဆောင်းထားကြရန် မြို့နယ်အတွင်းအခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် BLACK COBRA စစ်ကြောင်းက ဇန်နဝါရီ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

လက်ရှိ ထုံမခါရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေ၍ ဒေသခံများ ယနေ့အချိန်ထိ နေရပ်မပြန်ရဲကြသေးဟု ထုံမခါရွာသွားတစ်ဦးက ပြောသည်။

“ဟုတ်ပါတယ် စကစ တွေက မီးရှို့သွားတယ်။ အိမ် ၁၀ လုံးကျော်ကတော့ မီးလောင်ပျက်စီးသွားတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာလည်း မီးတွေရှို့နေတာတွေ့ရတယ်” ဟု ၎င်းကပြောသည်။

ထို့အပြင် ထံမခါရွာနှင့် သိန်းခွန်းရွာတို့ကို စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်မှ ၇ ရက်‌နေ့ထိ ၅ ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြေပြင်စစ်ကြောင်းထိုးလာကာ အများပြည်သူနေအိမ်များကို မီးရှို့မှုများ လုပ်ဆောင်နေသည်ဟု မြေပြင်ဒေသခံများက ပြောဆိုသည်။

March 21, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူး၊ မင်းလက်ပံကျေးရွာနားတစ်ဝိုက် ပစ်ခတ်မှုများကြောင့်...
Photo: CJ
March 20, 2026
ထိုင်း-ကရင်နယ်စပ် မြဝတီမြို့တောင်ဘက်၊ ဖလူးဒေသရှိ၊ ပလောတပို့စစ်ဘေးရှောင်စခန်းနားတဝိုက်...
March 19, 2026
စစ်အုပ်စုက ကေအဲန်ယူဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်၍ ကေအဲန်ယူရဲဘော်အယောင်ဆောင်...
March 18, 2026
လိုင်စင်မဲ့မော်တော်ယာဉ် အသုံးပြုမှုများသည့် ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ပြီးခဲ့သည့် မတ်လ (၇)...