ယာယီပိတ်ထားတဲ့ မြစ်ကြီးနား-ပူတာအို ကားလမ်း ပြန်ဖွင့်

ယာယီပိတ်ထားတဲ့ မြစ်ကြီးနား-ပူတာအို ကားလမ်း ပြန်ဖွင့်

မြစ်ကြီးနား - ပူတာအို ကားလမ်း မဖွင့်ခင်တုန်းက ခရီးသည်ကားများ ပိတ်မိနေသည့်အခြေအနေ။

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ထဲမှာ စစ်ကောက်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ယာယီပိတ်ထားတဲ့ ပူတာအို–မြစ်ကြီးနား ကားလမ်းပိုင်း ပြန်ဖွင့်ပြီလို့သိရပါတယ်။

လတ်တလောမှာ ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာမှာထိုင်ထားတဲ့ စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဆွမ်ပရာဘွမ်မြို့နယ်ထဲကို လက်နက်ကြီးတွေ မကြာခန ရမ်းသမ်းပစ်ခတ်နေသလို မြစ်ကြီးနားမြို့အထက်ဘက် မြစ်ဆုံဘက်ကနေလည်း စစ်ရေးလှုပ်ရှားမှုတွေရှိနေတာကြောင့် မနေ့က ဖေဖော်ဝါရီ ၅ ရက်နေ့က ယာယီပိတ်လိုက်တဲ့ ပူတာအို–မြစ်ကြီးနား လမ်းပိုင်း ဒီကနေ့ မနက် ၁၁ နာရီကနေ ပြန်ဖွင့်လိုက်ပြီဖြစ်ကြောင်း ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ဦးစောနွဲ့ Khun Sai Kham က ပြောပါတယ်။

“ဆွမ်ပီယန်ဘက်ကနေလည်း တိုက်ပွဲမဖြစ်ပဲ လက်နက်ကြီးတွေ ခနခနပစ်တယ်။ ပြီးတော့ မြစ်ဆုံဘက်ကနေလည်း စစ်ရေးလှုပ်ရှားမှုတွေရှိလာတော့ ထိတွေ့မှုတွေရှိရင် ပြည်သူလူထု ထိမှာဆိုးလို့ ယာယီမဖြတ်ခိုင်းတာ ဟုတ်တယ်။ ဒါပေမယ့် ဒီနေ့ ပြန်ဖွင့်ပါပြီ။ မြေပြင်ကနေ သတင်းပို့လာပါတယ်။ ကားလမ်းပြန်ဖွင့်ပြီဖြစ်ကြောင်းကို” လို့ သူကပြောပါတယ်။

ပူတာအို – မြစ်ကြီးနား ကားလမ်းပိုင်းကို မနေ့က ဖေဖော်ဝါရီ ၅ ရက်နေ့ကနေ ဒီကနေ့ မနက် ၁၁ နာရီအထိ KIA ဘက်က ခေတ္တပိတ်လိုက်တာဖြစ်ပါတယ်။

အလားတူ ယခုရက်ပိုင်း ဆွမ်ပီယန်ကျေးရွာမှာ ထိုင်ထားတဲ့ စစ်ကောင်စီတပ်က ဆွမ်ပရာဘွမ်မြို့ဘက်ကို မကြာခန လက်နက်ကြီးပစ်ခတ်တာတွေကြောင့် တရားဝင် ကားလမ်းပိတ်ထားတာမျိုးမရှိပေမယ့် ကားလမ်းပိတ်စို့မှုတွေတော့ မကြာခနရှိနေတယ်လို့ ကားသမားတစ်ဦးက ပြောပါတယ်။

“ဟိုဘက်က လက်နက်ကြီးတွေ ခနခနပစ်တော့ ကားက သွားလို့မရဘူးလေ။ ကျနော်ဆိုရင် မြစ်ကြီးနားကနေ လေးရက်နေ့ (ဖေဖော်ဝါရီ ၄) က တက်သွားတာ ငါးရက်နေ့မှ ပူတာအိုရောက်တယ်ဗျ။ တစ်ညတော့အိပ်လိုက်ရတယ် လမ်းမှာ” လို့ ပူတာအို–မြစ်ကြီးနား ကားလမ်းပိုင်းမှာမောင်းနေတဲ့ ကားသမားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်ကနေစလို့ စစ်ကောင်စီတပ်တွေဟာ မြစ်ကြီးနားမြို့အထက် မြစ်ဆုံဘက်ကို စစ်ရေးလှုပ်ရှားမှုတွေ ခပ်စိတ်စိတ်ရှိလာသလို ပူတာအိုမြို့နယ်ဘက်က လုံရှာယာန်၊ တန်ဂျာနဲ့ ဆွမ်ပီယန်ကျေးရွာတွေမှာလည်း စစ်အင်အားတွေအလုံးအရင်းနဲ့ ဖြည့်တင်းနေတယ်လို့ သိရပါတယ်။

ပူတာအို–မြစ်ကြီးနား ကားလမ်းပိုင်းရှိ ပူတာအိုမြို့နယ်ထဲက ဆွမ်ပီယန်ကျေးရွာမှာ စစ်ကောင်စီတပ်တွေ အင်အား ၁၀၀ ကျော် တပ်ထိုင်ထားသလို ဆွမ်ပီယန်ကျေးရွာနဲ့ မျက်နှာချင်းဆိုင်ထားတဲ့ ဆွမ်ပရာဘွမ်မြို့ပေါ်မှာလည်း KIA နဲ့ ပူးပေါင်းတပ်တွေ အင်အားအလုံးအရင်းနဲ့ တပ်ထိုင်ထားတာကြောင့် လက်ရှိ နှစ်ဖက် စစ်ဆိုင်ထားတဲ့အခြေအနေမှာရှိနေပြီး တိုက်ပွဲဖြစ်ပွားတာမျိုးမရှိသေးပေမယ့် စစ်ကောင်စီတပ်ဘက်ကနေ မိမိတို့ KIA နဲ့ ပူးပေါင်းတပ်တွေဘက်ကို မကြာခန လက်နက်ကြီးပစ်ခတ်တာမျိုးရှိနေကြောင်း ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်မှ သိရပါတယ်။

မြစ်ကြီးနား–ပူတာအို ကားလမ်းပိုင်းရှိ ဆွမ်ပရာဘွမ်မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် မေလမှာ သိမ်းပိုက်လိုက်ပြီးနောက် ပူတာအို–မြစ်ကြီးနား ကားလမ်းပိုင်းအချို့ကို KIA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားနိုင်ခဲ့ပြီး ယင်းလမ်းပိုင်းအတွက် အရေးပါတဲ့ မြစ်ကြီးနားမြို့အထွက်နဲ့ ပူတာအိုမြို့နယ် အဝင်နေရာတွေကိုတော့ စစ်ကောင်စီတပ်ဘက်က ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...
April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...