သျှမ်းမြောက်တကြော ၂၀၂၅ နှစ်အစပိုင်း မိုင်းနင်းမိရာ ၄ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ

သျှမ်းမြောက်တကြော ၂၀၂၅ နှစ်အစပိုင်း မိုင်းနင်းမိရာ ၄ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း ၂၀၂၅ နှစ်စအတွင်းတွင် မိုင်းနင်းမိပြီး ၄ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းပြည်မြောက်ပိုင်း တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးမိတ်မြို့ ၊ ကွတ်ခိုင်မြို့နှင့် သီပေါမြို့ စသည့် တိုက်ပွဲဖြစ်ပွားသည့် ဒေသအသီးသီးတွင် စစ်ကျန်လက်နက်ပစ္စည်းကို ကိုင်တွယ်မိရာနှင့် မိုင်းနင်းမိရာတွင် သေဆုံးသူ များပြားလာကြောင်း သီပေါဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ TNLA ထိန်းချုပ်ထားသည့် သျှမ်းမြောက်ဒေသတွင် မိုင်းနင်းမိရာနေ ၄ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အခု မိုင်းနင်းမိပြီး သေဆုံးတဲ့သူတွေ၊ ခြေထောက် ၂ ဘက်စလုံး ပြတ်သွားတဲ့နေရာတွေက တိုက်ပွဲတွေ ဖြစ်ပြီးသွားတဲ့ နေရာတွေဖြစ်တယ်။ ဖြစ်နိုင်ရင် နယ်မြေကို ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ တာဝန်ရှိသူတွေပဲဖြစ်ဖြစ် လာရောက်ရှင်းလင်းတာမျိုး ရှိစေချင်တယ်။ အခုက တခုခုဆို ကျနော်တို့ ပြည်သူတွေပဲ ခံနေရတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ သေဆုံးသွားသည့် ၄ ဦးထဲတွင် ကလေးငယ် ၂ ဦး ပါဝင်ကြောင်း၊ ထိုကလေးငယ် ၂ ဦးသည် ပြီးခဲ့သော ဖေဖော်ဝါရီလ ၁ ရက်နေ့ ကွတ်ခိုင်မြို့၊ နမ့်ဆိုင်းကျေးရွာရှိ ဒေသခံကလေးငယ် ၄ ဦး ငါးဖမ်းရန် သွားရာကနေ မိုင်းနင်းမိပြီး ၂ သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိသွားကြောင်း ကွတ်ခိုင်ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် TNLA ထိန်းချုပ်ထားသည့် မိုးမိတ်မြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်နေ့ နေ့လည်ပိုင်းတွင် အမျိုးသားတစ်ဦး ခြံသွားရှင်းရာ၌ လက်နက်ကြီးပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာပြင်းထန်နေကြောင်း၊ သီပေါမြို့တွင်လည်း ဇန်နဝါရီ ၂၅ ရက်နေ့က မိုင်းနင်းမိပြီး ၂ ဦး သေဆုံးသွားသည်ဟု သိရသည်။

“ဒီနှစ် လအစပိုင်းလေးပဲ မိုင်းနင်းမိပြီး သေဆုံးတာတွေ ဒဏ်ရာရတာတွေ များနေပြီ။ ပြီးခဲ့တဲ့ ၁ ရက်နေ့ဆိုလည်း ကွတ်ခိုင်မြို့က ကျေးရွာက ကလေးငယ် ၄ ဦး ငါးဖမ်းသွားရင်း မိုင်းနင်းမိပြီး ၂ ဦးသေဆုံးသွားတယ်။ ကျန် ၂ ဦးတော့ ဒဏ်ရာရသွားတယ်။ ကလေးငယ်တွေလည်း အသက်ငယ်ငယ်နဲ့ သေဆုံးရတာတွေက မိုင်းရှင်းလင်းမှု မရှိလို့” ဟု ၎င်းက ပြောသည်။

မူဆယ်မြို့တွင်လည်း ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် မိုင်းယု (၁၀၅) မိုင်အုပ်စု၊ အောက်နမ့်ဟွယ်ကျေးရွာတွင် အမျိုးသားတစ်ဦး ကြံခင်းသွားခုတ်ရာတွင် မိုင်းနင်းမိပြီး ခြေထောက် ၂ ဖက် ပြတ်တောက်သွားခဲ့သည်ဟု မူဆယ်ဒေသခံတစ်ဦးက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း “၁၀၂၇” စစ်ဆင်ရေး ဖြစ်ပွားပြီးနောက် မြေမြှုပ်မိုင်းရှင်းလင်းမှုကို ညီနောင်မဟာမိတ်တပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်ဖွဲ့တို့က တာဝန်ယူဖြေရှင်းမှုနည်းသေးကြောင်း ပြည်သူများက ပြောသည်။

Most read this week

Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...
December 1, 2025
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...