မီဇိုရမ်ပြည်နယ်က ပလက်ဝ စစ်ဘေးရှောင်တွေ နေရပ်ပြန်လာဖို့ ဖိအားပေးခံရ

မီဇိုရမ်ပြည်နယ်က ပလက်ဝ စစ်ဘေးရှောင်တွေ နေရပ်ပြန်လာဖို့ ဖိအားပေးခံရ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ စစ်ဘေးရှောင်နေတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆင်အိုးဝကျေးရွာအုပ်စုက ကျေးရွာ (၇) ရွာခန့်က စစ်ဘေးရှောင်တွေကို နေရပ်ပြန်လာဖို့ အာရက္ခတပ်တော် (AA) နဲ့ မရာလဲန်းကာကွယ်ရေးတပ် (MDF) က ခန့်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ဖိအားပေးတဲ့ အကြောင်းကြားစာတွေ ပေးခဲ့တယ်လို့ ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။

မီဇိုရမ်ပြည်နယ်မှာ စစ်ဘေးရှောင်နေတဲ့ ပလက်ဝမြို့နယ် ဆင်အိုးဝကျေးရွာအုပ်စုက စစ်ဘေးရှောင်တွေကို အာရက္ခတပ်တော် (AA) နဲ့ မရာလဲန်းကာကွယ်ရေးတပ် (MDF) က ခန့်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့ ရက်စွဲနဲ့ ကျေးရွာနေ စစ်ဘေးရှောင်တွေ ဇန်နဝါရီလ  ၃၁ ရက်နေ့ နောက်ဆုံးထားပြီး နေရပ်ပြန်လာကြဖို့နဲ့ ပျက်စီးနေတဲ့ အိမ်တွေ၊ ယာတွေ  အိမ်ရှင်တွေကိုယ်တိုင် ဖျက်ဆီးရှင်းလင်းတာမလုပ်ရင် ရွာကလူတွေနဲ့ အုပ်ချုပ်ရေးမှူးတွေက ရှင်းလင်းဖျက်ဆီးသွားမယ်လို့ အကြောင်းကြားစာထုတ်ခဲ့တယ်လို့ သိရပါတယ်။

ဆင်အိုးဝအုပ်စုက အခြေအနေသိရှိသူ ပလက်ဝဒေသခံတစ်ဦးက “တစ်ချို့စစ်ဘေးရှောင်တွေက မီဇိုရမ်ဘက်က အလုပ်အကိုင်ကလည်း ရှားပါးတယ်။ နေ့စဉ်ဝင်ငွေတွေမရှိဘူး။ ပုံမှန်ဝင်ငွေလည်းမရှိတော့ စားဝတ်နေရေးလည်း ခက်ခဲတယ်။ အဲလိုမျိုးအခြေအနေမှာ ပြန်ချင်တဲ့သူလည်းရှိသလို တစ်ဖက်မှာပေါ့နော်။ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း ကြောက်ကြသလို ပလက်ဝမြို့နယ်မှာ ဖုန်းလိုင်း အင်တာနက် မရဘူး။  ဆက်သွယ်ရေးကလည်း ခက်ခဲတယ်။ လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ခဲတယ်။ ပြီးရင် တခါတစ်လေ အသွားအလာ ကန့်သတ်တာတွေရှိတယ်ပေါ့နော်။  ပြီးရင် အလုပ်အကိုင်လည်းမရှိ စားဝတ်နေရေးကလည်း အဆင်မပြေတဲ့အခါကြတော့ ပလက်ဝမှာကလည်း ကုန်စျေးနှုန်းတွေက တက်နေတဲ့အခါကြတော့ တချို့တွေက အဲလိုမျိုးအခြေအနေမှာ မပြန်ချင်ကြဘူးပေါ့နော်။ တစ်ဖက်မှာလည်း AA အုပ်ချုပ်မှု မကြိုက်တဲ့သူတွေက မပြန်ချင်ကြဘူးပေါ့နော်” လို့ ပြောပါတယ်။

သူကဆက်ပြီး “ဒါပေမယ့် အခု ဒီအုပ်ချုပ်ရေးမှူးက ပြန်ဖို့ ဖိအားပေးတယ်ပေါ့နော်။ ရွာက ပျက်စီးနေတဲ့ အိမ်တွေ၊ ယာတွေ မီဇိုရမ်ဘက်ရောက်နေတဲ့ အိမ်ရှင်တွေက သူတို့ကိုယ်တိုင် ဖျက်ဆီးရှင်းလင်းတာမလုပ်ရင် ရွာမှာရှိတဲ့ လူတွေနဲ့ အုပ်ချုပ်ရေးမှူးတွေက ရှင်းလင်းဖျက်ဆီးသွားမယ်ပြောတယ်။ ရွာမှာလည်း စစ်ဘေးမရှောင်ဘဲ တစ်ရွာမှာ ၆ အိမ်၊ ၈ အိမ် ကျန်တဲ့သူတွေ ရှိတယ်လေ” လို့ပြောပါတယ်။

ဆင်အိုးဝအုပ်စုက ဒေသခံအိမ်ထောင်စု ၂၂၃ အိမ်ထောင်စုဟာ ၂၀၂၂ ခုနှစ်၊ ပလက်ဝမှာ တိုက်ပွဲတွေ ပြင်းထန်နေချိန်ကတည်းက အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုက်ဟားခရိုင်၊ ခေခုံကျေးရွာနဲ့ လုံပူးကျေးရွာမှာ စစ်ဘေးရှောင်နေခဲ့ကြရတာဖြစ်တယ်လို့လည်း သိရပါတယ်။

ပလက်ဝမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းတွေအားလုံးကို အာရက္ခတပ်တော် (AA) က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိ ဆင်အိုးဝကျေးရွာအုပ်စုမှာ အာရက္ခတပ်တော် (AA) နဲ့ မရာလဲန်းကာကွယ်ရေးတပ် (MDF) က အုပ်ချုပ်ရေးဖော်ဆောင်နေတယ်လို့လည်း သိရပါတယ်။

January 20, 2026
ချင်းအမျိုးသားတက္ကသိုလ်(Chin National University) မှာ ဘွဲ့ကြို ၊ ဘွဲ့လွန်...
January 19, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ရပ်ရွာလုံခြုံရေးအပြာဝတ်တွေ ပျူစောထီးတွေ၊ရဲတွေက...
January 17, 2026
DonBosco — Pu Tui Dim သည် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကို အိန္ဒိယ-မြန်မာနယ်စပ်၌...
January 16, 2026
မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကော်မရှင် လက်ချက်ကြောင့် ၂၀၂၅ ခုနှစ်၊ တစ်နှစ်တာအတွင်း အမျိုးသမီး (...