အမေရိကန်အစိုးရသစ်က အကူအညီဆိုင်းငံ့ပေမယ့် အနောက်နိုင်ငံများအနေနဲ့ မြန်မာပြည်က ဒုက္ခသည်များကို တိုးမြှင့်ကူညီပေးဖို့ CHRO တောင်းဆို

အမေရိကန်အစိုးရသစ်က အကူအညီဆိုင်းငံ့ပေမယ့် အနောက်နိုင်ငံများအနေနဲ့ မြန်မာပြည်က ဒုက္ခသည်များကို တိုးမြှင့်ကူညီပေးဖို့ CHRO တောင်းဆို

အမေရိကန်အစိုးရအနေနဲ့ နိုင်ငံတကာ ကူညီထောက်ပံ့မှုအစီအစဉ်တွေ ဆိုင်းငံ့ကြောင်း သမ္မတအသစ် Donal Trump က လက်မှတ်ရေးထိုးပြီး ညွှန်ကြားချက် ထုတ်ပြန်ပြီးဖြစ်တဲ့အတွက် ဗြိတိန်၊ EU ၊ ကနေဒါ၊ ဩစတြေးလျနိုင်ငံအပါအဝင် အနောက်နိုင်ငံက  နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ မြန်မာနိုင်ငံက ဒုက္ခသည်များအတွက် တိုးမြှင့်ကူညီပေးဖို့ လိုအပ်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) အနေနဲ့ တောင်းဆိုလိုက်ပါတယ်။

"အမေရိကန်အကူအညီ ဆိုင်းငံ့ခြင်းဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတွေအတွက် ထိခိုက်စေရုံသာမက မြန်မာစစ်အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုကနေ လွတ်မြောက်နယ်မြေများရဲ့ တည်ငြိမ်ရေးနှင့် အုပ်ချုပ်ရေးကို ရေရှည်တည်တံ့ခိုင်မြဲစေဖို့အတွက် ရေရှည်ကြိုးပမ်းအားထုတ်မှုများကိုလည်း ထိခိုက်စေတယ်လို့" ဟု CHRO ရဲ့ အမှုဆောင်ဒါရိုက်တာ Salai Za Uk Ling က ပြောပါတယ်။

အမေရိကန်ရဲ့ နိုင်ငံတကာအကူအညီပေးရေး ဆိုင်းငံ့မှုဟာ စစ်ကောင်စီရဲ့ ပြည်သူအပေါ် အကြမ်းဖက်မှု ပြင်းထန်လာခြင်းနဲ့ နိုင်ငံသားများ စစ်ဘေးကြောင့် နေရပ်စွန့်ခွါ ရွှေ့ပြောင်းမှုများသာမက လွတ်မြောက်နယ်မြေများအတွင်း ငြိမ်းချမ်းရေးနဲ့ ဒေသတည်ငြိမ်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်မှုများအတွက်  နှောင့်နှေးစေရုံမက လိုအပ်တဲ့ အကူအညီတွေ ဆုံးရှုံးဖို့ ဖန်တီးတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ စစ်အစိုးရရဲ့ အုပ်ချုပ်မှုကနေ လွတ်မြောက်တဲ့ ဒေသများအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးကဲ့သို့ မရှိမဖြစ် လိုအပ်တဲ့ ဝန်ဆောင်မှုများအတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က ကြိုးပမ်းဆောင်ရွက်လျက်ရှိတဲ့ အချိန်ဖြစ်ပါတယ်။

ထိုသို့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနဲ့ ပြန်လည်ထူထောင်ရေး၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေး လုပ်ငန်းစဉ်များအတွက် ပြည်သူများအနေနဲ့ ကြိုးပမ်းအားထုတ်နေတဲ့ အနေအထားမှာ နိုင်ငံတကာရဲ့ အချိန်နဲ့တစ်ပြေးညီ ကူညီထောက်ပံ့မှုများ မရှိနေသေးတဲ့အတွက် အခက်အခဲများစွာ ကြုံတွေ့ရတဲ့ အနေအထားဖြစ်တယ်လို့ Salai Za Uk Ling က ပြောပါတယ်။

စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်များရဲ့ စစ်ဘေးဒဏ်ကြောင့် နောက်ထပ်ကြုံတွေ့ရမယ့် ပြသနာများအပေါ် ကျူးလွန်သူ တာဝန်ရှိသူများ၊ ပြည်သူများအပေါ် ရက်စက်အကြမ်းဖက်မှု ကျူးလွန်သူများအနေနဲ့ တာဝန်ခံမှုရှိရမှာဖြစ်တယ်လို့ Salai Za Uk Ling က ဆက်ပြောပါတယ်။

Salai Za Uk Ling က “လူသားချင်းဆိုင်ရာ ကူညီထောက်ပံ့ပေးမှုဟာ အရေးတကြီးကိစ္စရပ်ဖြစ်ရုံမက ဗြိတိန်၊ အီးယူ၊ ကနေဒါနှင့် သြစတြေးလျနိုင်ငံတို့အနေနဲ့ နောက်ထပ် ဖြစ်ပေါ်လာမယ့် ဒုက္ခသည်များအရေးအတွက် ပိုမိုဆိုးရွားတဲ့ အခြေအနေကနေ တားဆီးပေးဖို့အပြင် နှိုးဆော်တိုက်တွန်းမှုလုပ်ငန်းမှာ ယခုထက် ခြေလှမ်းတိုးမြှင့်ရမှာဖြစ်တယ်” လို့ ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ဖြစ်ပျက်နေတဲ့ အခြေအနေများအပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို နိုင်ငံတကာအနေနဲ့ ကူညီပံ့ပိုးပေးဖို့၊ လူ့အခွင့်အရေးကို ရှေးရှုပြီး နိုင်ငံတကာ အသိုက်အဝန်းများကလည်း အရေးတစ်ကြီး ညှိနှိုင်းကူညီပေးဖို့အတွက် CHRO က တိုက်တွန်းထားပါတယ်။

March 20, 2026
အရွယ်ရောက်ပြီးသူ ချင်းအမျိုးသားပြည်သူ တရပ်လုံးအနေဖြင့် အမျိုးသားရေးအသိ၊ အမျိုးသားရေးတာဝန်ဖြင့်...
March 17, 2026
နိုင်ငံတကာကလွှတ်တော်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပြီး တော်လှန်ရေးအစိုးရရဲ့...
March 16, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်မှာ ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခံထားရတဲ့...
March 14, 2026
ရခိုင်ကုန်သည် တစ်ဦးမေ့ကျန်ခဲ့တဲ့ ရူပီးငွေ ၁၅ သိန်း ( မြန်မာကျပ်ငွေ သိန်း ၇၅၀ခန့်)ကို ပိုင်ရှင်ထံ...