စစ်မှုထမ်းနည်းဥပဒေ ပြဌာန်းပြီးနောက် မော်လမြိုင်မှာ လူငယ်တွေ ဆက်တိုက်ဖမ်းဆီးခံနေရ

စစ်မှုထမ်းနည်းဥပဒေ ပြဌာန်းပြီးနောက် မော်လမြိုင်မှာ လူငယ်တွေ ဆက်တိုက်ဖမ်းဆီးခံနေရ

စစ်မှုထမ်းနည်းဥပဒေ ပြဌာန်းပြီးနောက် မွန်ပြည်နယ် မော်လမြိုင်မြို့မှာ လူငယ်တွေ ဆက်တိုက် ဖမ်းဆီးခံနေရပြီး အများစုဟာ မိသားစုနဲ့ လုံးဝအဆက်အသွယ် ပြတ်တောက်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နိုင်ငံအနှံ့တိုက်ပွဲတွေတိုင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ အင်အားဖြည့်တင်းဖို့အတွက် စစ်မှုထမ်းအကျုံးဝင်တဲ့ လူငယ်တိုင်း ပြည်ပထွက်ခွင့်မရှိဘဲ စစ်မှုထမ်းရမယ့် စစ်မှုထမ်းနည်းဥပဒေကို ဇန်နဝါရီ ၂၃ ရက်နေ့မှာ ပြဌာန်းလိုက်ပါတယ်။

စစ်မှုထမ်းနည်းဥပဒေ ပြဌာန်းပြီးနောက် မော်လမြိုင်မြို့ပေါ်မှာ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက ဒေသတွင်း လူငယ်တွေကို လုံခြုံရေးအကြောင်းပြချက်နဲ့ ပိတ်ဆို့စစ်ဆေးပြီး ဖမ်းဆီးမှုတွေ တိုးမြှင့်လုပ်ဆောင်နေတာပါ။

မော်လမြိုင်မြို့ခံတစ်ဦးက စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေဟာ စစ်မှုထမ်းနည်းဥပဒေ ထုတ်ပြန်ပြီးနောက် ပိုပြီးအတင့်ရဲလာသလို နေ့ခင်းဘက်တွေမှာလည်း ပိတ်ဆို့ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ပြောပါတယ်။

“အခုက နေ့ရောညပါ ဖမ်းဆီးနေတာ။ ညဘက်ပိုင်းဆို ပိုဆိုးတယ်။ အခုကဒီကောင်တွေ တော်တော် ဆိုးလာတယ်။ ညဘက်ဆိုရင် တော်ရုံတန်ရုံ လူငယ်တွေက မထွက်တော့ဘူး။ စစ်မှုထမ်းနည်းဥပဒေ ထုတ်ပြီးတော့ ပိုအတင့်ရဲလာတယ်” လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ အဆိုအရ ဖမ်းဆီးခံရတဲ့ လူငယ်လူရွယ်တွေမှာ အသက်ပြည့်ပြီးတဲ့ လူငယ်လူရွယ်တွေအပြင် အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကိုပါ နည်းအမျိုးမျိုးနဲ့ ဖမ်းဆီးမှုတွေ ပြုလုပ်နေတာကြောင့် ဒေသတွင်းမှာ စိုးရိမ်မှုမြင့်တက်နေပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်တွေကို စစ်ကောင်စီနဲ့ နီးစပ်သူတွေကတစ်ဆင့် ကျပ်သိန်းဆယ်နဲ့ချီပေးကာ ပြန်လည်ရွေးရတာတွေရှိသလို တချို့တွေကိုတော့ စစ်သားစုဆောင်းရေးထဲ ပို့ဆောင်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒေသတွင်းမှာတော့ အခုနောက်ပိုင်း လူငယ်အများစု ဖမ်းဆီးခံရတာတွေအပြင် အသက်မပြည့်သေးတဲ့ လူငယ်တချို့လည်း ပျောက်ဆုံးမှုတွေ ရှိနေတာပါ။

ပျောက်ဆုံးနေတဲ့ လူငယ်တစ်ဦးရဲ့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးကတော့ အသက်မပြည့်သေးတဲ့ လူငယ်တွေ ပျောက်ဆုံးမှုတွေရှိလာပြီး လိုက်ရှာပေမယ့် ပြန်တွေ့တာမရှိဘူးလို့ ပြောပါတယ်။

“ကလေးက အသက် ၁၆ နှစ်၊ မနက် ၆/၇နာရီလောက် ထွက်သွားတယ်။ ထင်တာက သူတစ်ချက် အပြင်ထွက်ပြီးတော့ နောက်ကျသွားတယ်ပဲ ထင်တယ်။ စောင့်နေတာပါ။ ပြန်မရောက်လာဘူး။ ပြန်မရောက်လာတော့ လိုက်ရှာတယ်။ ကားဂိတ်မှာလည်း မတွေ့ဘူး” လို့ ဆိုပါတယ်။

အခုလို လူငယ်တွေ ပျောက်ဆုံးနေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ကို အကြောင်းကြား တိုင်ကြားပါကလည်း မှတ်တမ်းယူထားရုံလောက်သာရှိပြီး ဝိုင်းဝန်းကူညီ ရှာဖွေပေးတာ မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ စစ်မှုထမ်းသင်တန်းအတွက် အရင်လိုလူစားထိုး အငှားခေါ်ယူလို့ မရတာကြောင့် ဒေသတွင်းက လူငယ်တွေကို နည်းအမျိုးမျိုးနဲ့ ဖမ်းဆီးပြီး စစ်မှုထမ်းသင်တန်း ပို့ဆောင်တာတွေ ရှိလာတာပါ။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၉ အထိ လူငယ် ၁၈၀၀ ကျော် စစ်သားစုဆောင်းခံထားရပါတယ်။

Most read this week

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...