မော်လမြိုင်မှာ အိမ်ထောင်စုစာရင်းမိတ္တူ စစ်ကောင်စီ လိုက်လံကောက်ခံနေ

မော်လမြိုင်မှာ အိမ်ထောင်စုစာရင်းမိတ္တူ စစ်ကောင်စီ လိုက်လံကောက်ခံနေ

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကောင်စီရဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက မဲစာရင်းပြုစုဖို့အတွက်ဆိုပြီး အခုရက်ပိုင်းအတွင်း အိမ်ထောင်စုစာရင်းမိတ္တူတွေ လိုက်လံကောက်ခံနေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ မဲစာရင်းပြုစုဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ်တွေကို လာရောက်ကာ တစ်အိမ်ထောင်လျှင် အိမ်ထောင်စုစာရင်း မိတ္တူနှစ်စောင်ပေးရမယ်ဆိုပြီး လိုက်လံကောက်ခံနေတာပါ။

အိမ်ထောင်စုစာရင်းတွေ ကောက်ခံတဲ့နေရာမှာတော့ မိတ္တူနှစ်စောင်ကို မဖြစ်မနေ ပေးဆောင်ဖို့နဲ့ မပေးဆောင်ပါက နောင်ဖြစ်လာမယ့် ပြဿနာတွေကို တာဝန်ယူမှာမဟုတ်ဘူးလို့ ခြိမ်းခြောက်တာတွေ ရှိနေပါတယ်။

မော်လမြိုင်မြို့ခံတစ်ဦးကတော့ အိမ်ထောင်စုစာရင်း မိတ္တူနှစ်စောင် ကောက်ခံမှုဟာ အမျိုးသားလူဦးရေစာရင်းနဲ့ ပြည်ပထွက်ခွာတဲ့ လူဦးရေစာရင်း သိချင်တာကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“အုပ်ချုပ်ရေးရုံးက ကောက်ခိုင်းတယ်ဆိုပြီးတော့ တစ်အိမ်ထောင်ကို အိမ်ထောင်စုစာရင်း မိတ္တူ နှစ်စောင်ပေါ့။ ရပ်ကွက်တိုင်းကို ကောက်နေတာ။ အဓိကတော့ ယောင်္ကျားလေး လူဦးရေစာရင်း အဓိကထားပြီးတော့ ပြန်လည်စိစစ်တဲ့ သဘောရယ်။ ပြီးတော့ ပြည်ပထွက်ခွာတဲ့ဦးရေ အတိအကျ ဘယ်လောက်ရှိလဲဆိုတာ သိဖို့ ဖြစ်နိုင်တယ်” လို့ ဆိုပါတယ်။

မြို့ခံတွေရဲ့ ပြောပြချက်အရ အိမ်ထောင်စုစာရင်းမိတ္တူ လိုက်လံကောက်ခံရာမှာ တချို့ရပ်ကွက်တွေက အုပ်ချုပ်ရေးမှူးရုံးထံ ကိုယ်တိုင် သွားရောက်ပေးဆောင်ရပြီး တချို့ရပ်ကွက်တွေမှာတော့ ရာအိမ်မှူးတွေက လာရောက်ကောက်ယူနေတာပါ။

အိမ်ထောင်စုစာရင်း မိတ္တူကိုတော့ ရပ်ကွက်တချို့မှာ စတင်ကောက်ခံနေတာဖြစ်ပြီး ကျန်တဲ့ရပ်ကွက်တွေမှာ ကောက်ယူဖို့ ပြင်ဆင်နေတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီရဲ့ အိမ်ထောင်စုစာရင်းမိတ္တူ ကောက်ယူမှုကြောင့် လူငယ်တွေအကြား စစ်မှုထမ်းဆင့်ခေါ်နိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။

May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...