ဝိန်းဆိုင် ကျေးရွာအလယ် တပ်ချဖို့ပြင်ဆင်တဲ့ ကိုးကန့်တပ်ကို ကချင်ဒေသခံများ ကန့်ကွက်

ဝိန်းဆိုင် ကျေးရွာအလယ် တပ်ချဖို့ပြင်ဆင်တဲ့ ကိုးကန့်တပ်ကို ကချင်ဒေသခံများ ကန့်ကွက်

ရှမ်းမြောက် မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲ မုံးပေါ် ကျေးရွာအနီး၊ ဝိန်းဆိုင်ကျေးရွာ အလယ်မှာရှိတဲ့ အများပိုင်ဆန်စက်ရုံကို ကိုးကန့် MNDAA တပ်ဖွဲ့က တပ်စခန်းချဖို့ ပြင်ဆင်လာတဲ့အပေါ် ဒေသခံပြည်သူတွေက ကန့်ကွက်နေကြပါတယ်။

ဇန်နဝါရီ ၂၀ ရက်၊ ဒီမနက် ၁၀ နာရီခန့်မှာ ကချင်ဒေသခံလူထုက သွားရောက်ကန့်ကွက်ခဲ့တယ်လို့ ဝိန်းဆိုင်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

“ကိုးကန့် MNDAA တပ်ဖွဲ့က သူတို့ရုံးစိုက်ဖို့ နေရာလာယူတာ၊ အဲဒီနေရာက စျေးနားမှာလည်း ဖြစ်တယ်။ ပြီးတော့ ကလေးတွေ ဆော့ကစားရာနေရာ၊ ကား၊ ဆိုင်ကယ်တွေ ခဏတဖြုတ် ရပ်နားရာနေရာဖြစ်တယ်၊ ဆန်စက်ထားရှိရာနေရာ အများပြည်သူပိုင် နယ်မြေဖြစ်တယ်။ ဒါကြောင့် ဒီစျေးနားမှာပဲ လက်နက်ကိုင်တပ်ဖွဲ့တွေက နေရာယူ ရုံးစိုက်တာမျိုးတွေ မလုပ်သင့်ဘူးဆိုပြီး ရွာသားတွေက သဘောမတူတာဟုတ်တယ်” လို့ ပြောပါတယ်။

ကိုးကန့် MNDAA တပ်ဖွဲ့ဘက်က မုံးပေါ်ဘက်ကနေ ရောက်လာပြီး ဝိန်းဆိုင်ရွာမှာ MNDAA ရုံးစိုက်ဖို့ ပြင်ဆင်လာပြီး ဝိန်းဆိုင်ကျေးရွာအလယ်က အများပြည်သူအသုံးပြုရာနေရာယူဖို့ ဆုံးဖြတ်ပြင်ဆင်လာချိန် ဒေသခံ လူဦးရေ ၁၀၀ ခန့်က သွားရောက်ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေရာမှာ လွန်ခဲ့တဲ ၁၀ နှစ်ကတည်းက အများပိုင် ကျေးရွာဆန်စက်ရုံဖြစ်သလို အများပြည်သူ ယာဉ်ရပ်နားရာနေရာနဲ့ ကျေးရွာ ကလေးငယ်များ ဆော့ကစားရာ နေရာတစ်ခုဖြစ်တာကြောင့် ဒီနေရာမှာ လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ တပ်ချ၊ ရုံးစိုက်နေရာယူလို့ ခွင့်မပြုနိုင်ကြောင်း ဒေသခံတွေ ကန့်ကွက်ခဲ့ကြပါတယ်။

ကိုးကန့် MNDAA တပ်ဖွဲ့ဘက်ကလည်း အများပိုင်နယ်မြေဖြစ်တာကြောင့် MNDAA ရုံးစိုက်ဖို့ ဆုံးဖြတ်ခဲ့တဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဝိန်းဆိုင်၊ လွယ်ဆာ စတဲ့ကျေးရွာတွေမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချူပ်မှုအောက် အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတဲ့ ဒေသဖြစ်သော်လည်း၊ ကိုးကန့် MNDAA တပ်ဖွဲ့နဲ့ သက်ဆိုင်တဲ့ ရုံး၊ တပ်စခန်းမရှိတဲ့အတွက် အခုလို ဝင်ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ကိုးကန့် MNDAA တပ်ဖွဲ့ဘက်က ဝိန်းဆိုင်ကျေးရွာမှာ ရုံးစိုက်ဖို့ကြိုးစားလာတဲ့အပေါ် ကျေးရွာထဲ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းကြား အုပ်ချုပ်ရေးဆိုင်ရာ အငြင်းပွားမှုဖြစ်လာမှာကို စိုးရိမ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။

“ကိုးကန့် MNDAA ဘက်က အခုက သူတို့လည်း အထက်ကို ပြောအုံးမယ် ဘယ်လိုပြန်ပြောမလဲ စောင့်မယ်ဆိုပြီး ပြန်ဆင်းသွားကြတယ်။ ဒီနယ်မြေဘက်မှာက KIO/KIA ရဲ့ အုပ်ချူပ်ရေးယန္တရား လည်ပတ်နေတဲ့ နေရာဖြစ်တယ်။ ရွာမှာ ကိုးကန့် MNDAA လည်း ရုံးပြန်စိုက်လာတော့ လက်နက်ကိုင်အဖွဲ့များရင် သိတဲ့အတိုင်း ပြဿနာတွေ ဖြစ်ပွားလာမလား၊ ပြီးရင် အဲဒီနေရာက လက်နက်ကိုင်တွေနေဖို့ မသင့်တော်တာကြောင့်ဖြစ်တယ်” လို့ သူက ဆက်ပြောပါတယ်။

မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲ၊ မုံးပေါ် ဒေသကို ကိုးကန့် MNDAA တပ်ဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ နှစ်ဖွဲ့လုံး နေရာယူလှုပ်ရှားနေပြီး ဒေသခံတွေဟာ တပ်ဖွဲ့ နှစ်ဖွဲ့ အုပ်ချူပ်ရေးယန္တရားအောက်မှာ ရှင်သန်နေရတာဖြစ်ပါတယ်။

ဒါကြောင့် လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့ကြား ဒေသခံ လူထုကို အကြပ်အတည်းဖြစ်စေတဲ့ အခွန်ကိစ္စအပါအဝင်၊ အခြား အငြင်းပွားမှုတွေ ဆက်တိုက်ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

KIA တပ်မဟာ ၆ နယ်မြေ၊ မုံးပေါ်အထက် ဝိန်းဆိုင်ကျေးရွာမှာ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိပြီး ကချင်တိုင်းရင်းသား အများဆုံးနေထိုင်ရာ ဒေသဖြစ်ပါတယ်။

ဒေသ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ကဏ္ဍကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO အုပ်ချူပ်မှုအောက် လည်ပတ်နေတာဖြစ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း မုံးပေါ်မြို့ရှိ မိုင်ဖန် စစ်ကောင်စီတပ်စခန်းတစ်ခုကို ကိုးကန့် MNDAA ဘက်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် အဲဒီဒေသအားလုံးကို ကိုးကန့် MNDAA က အုပ်ချုပ်ရေးယန္တရားအဖြစ် ဝင်ရောက်လာပြီး KIA နဲ့ အငြင်းပွားမှုတွေ ဆက်တိုက်ဖြစ်ပွားလာတာလည်း ဖြစ်ပါတယ်။

Most read this week

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...