လှိုင်းဘွဲတွင် တစ်လတစ်ကြိမ် စစ်မှုထမ်းလူထုတ်ပေးရန် တောင်းခံမှုကြောင့် အုပ်ချုပ်ရေးမှူးအချို့ အခက်ကြုံ

လှိုင်းဘွဲတွင် တစ်လတစ်ကြိမ် စစ်မှုထမ်းလူထုတ်ပေးရန် တောင်းခံမှုကြောင့် အုပ်ချုပ်ရေးမှူးအချို့ အခက်ကြုံ

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ပေါ်ရှိ ရပ်ကွက်များတွင်  စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းစနစ် အကောင်အထည်ပေါ်ရေးအတွက် သတ်မှတ်ထား‌သော လူဦးရေအတိုင်း ပြည့်မီရန် သက်ဆိုင်ရာ ရပ်ကွက်အလိုက် တစ်လလျှင် လူ ၁ ဦးနှုန်း ထုတ်ပေးရန် တောင်းခံမှုကြောင့် အုပ်ချုပ်ရေးမှူးအချို့ အခက်ကြုံနေရသည်ဟု သိရသည်။

ယခင် စစ်မှုထမ်းအပတ်စဥ်များကို ၎င်းတို့လက်အောက်ခံ အုပ်ချုပ်ရေးမှူးမှတစ်ဆင့် သုံးလတစ်ကြိမ်သာ တပ်သားသစ်များ စုဆောင်းပေးရန် စစ်ကောင်စီက ညွှန်ကြားထားသော်လည်း ယခုအပတ်စဉ် (၈) သင်တန်းအတွက်ကို တစ်လတစ်ကြိမ် မဖြစ်မနေ လူထုတ်ပေးရမည်ဖြစ်ကာ လှိုင်းဘွဲမြို့ပေါ် ရပ်ကွက် (၄) ခု အတွက် လူ (၄) ယောက် ကောက်ခံပို့ဆောင်ပေးရမည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အရင်တုန်းကတော့ (၃) လတစ်ခါ လူပေးဖို့ ပြောတယ်။ အဲဒါ တစ်ခေါက် ပေးပြီးသွားပြီ။ အခုက လူမပြည့်တာလားမသိဘူး။  တစ်လတစ်ယောက်ပေးဖို့ ရှာခိုင်းနေတယ်။ ရှိရှိ မရှိရှိ မဖြစ်မနေပေးရမယ်။ အဲဒီ မြို့ပေါ်  ရက်ကွက် (၄) ခုကတော့ ရှာပေးနေရတာပေါ့” ဟု မြို့ခံ သတင်းအရင်းအမြစ်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ လူသစ်စုဆောင်းပေးရေးကို လှိုင်းဘွဲမြို့တွင်းရှိ ကေအဲန်ယူဘက်မှ ကရင့်လက်နက်ကိုင်များ လှုပ်ရှားရာနယ်မြေဖြစ်သည့် ကျေးရွာများ မပေးဆောင်ရသော်လည်း စစ်ကောင်စီအုပ်ချုပ်မှုနှင့် နီးစပ်သည့် လှိုင်းဘွဲမြို့ပေါ် ရပ်ကွက် (က)၊ (ခ)၊ (ဂ)၊ (ဃ) စသည့် ရပ်ကွက် (၄) ခုအတွင်း၌သာ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု မြို့တွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

၎င်းအပြင် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက် ကိုယ်စား စစ်မှုထမ်းဆောင်မည့်သူများကိုလည်း ထောက်ပံ့ကြေးငွေဟုဆိုကာ သက်ဆိုင်ရာရပ်ကွက်အလိုက် အိမ်ထောင်စုတစ်စုလျှင် သောင်းနှင့်ချီသော ထောင်ပံ့ကြေးငွေများအား လစဥ် ထည့်ဝင်နိုင်‌ရေးကို အုပ်ချုပ်‌ရေးမှုူးအချို့က တာဝန်ယူလုပ်ဆောင်ရသည်ဟု မြို့ခံများက ပြောသည်။

ထိုသို့ စစ်မှုထမ်းဥပဒေများကြောင့် သတ်မှတ်အသက်အရွယ်အတွင်း အကျုံးဝင်သူများ တိမ်းရှောင်ရန် တိုင်းရင်းသား လက်နက်ကိုင်နယ်မြေနှင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ အလုံးအရင်းလိုက် ထွက်ပြေးလာသူများတွင် ကရင်ပြည်နယ်မှ လူငယ်အများအပြား ပါဝင်ခဲ့သည်။

တိုင်းနှင့်ပြည်နယ် အနှံ့အပြား၌ စစ်မှုထမ်းစနစ်ကို စတင်အသက်သွင်းချိန်မှစ၍ စစ်ကောင်စီဘက်က စစ်မှုထမ်းခေါ်ယူရေးလုပ်ငန်းများ ဆောင်ရွက်လာသည်မှာ ယခု အပတ်စဥ် (၈) အထိ ရှိလာပြီဖြစ်သည်။

Most read this week

January 23, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊  တောအူး(တောင်ငူ)ခရိုင်၊ လိပ်သိုမြို့နယ် မစကျေးရွာတွင်...
January 22, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာတွင်...
January 22, 2026
KNLA တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဂီနွီးနှင့် တွေ့ဆုံမေးမြန်းခြင်း...
January 21, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းရှိ နယ်မြေမငြိမ်မသက်မှုကြောင့် တစ်လကျော် ကမ်းကူးသွားလာခွင့်...