MNDAA က ဖမ်းဆီးထားသည့် သိန္နီမြို့ ဒေသခံတချို့ကို မိုင်းရယ်ဘက်သို့ပို့

MNDAA က ဖမ်းဆီးထားသည့် သိန္နီမြို့ ဒေသခံတချို့ကို မိုင်းရယ်ဘက်သို့ပို့

သျှမ်းပြည်၊ သိန္နီမြို့ရှိ ဒေသခံတချို့ကို မူးယစ်းသုံးစွဲသည်ဟု စွပ်စွဲပြီး ကိုးကန့်တပ် MNDAA က ဖမ်းဆီးသွား ပြီးနောက် တချို့မှာ မိုင်းရယ်ဘက်သို့ ပို့ဆောင်ခံရပြီး၊ တချို့ကို ပိုက်ဆံဖြင့် ပြန်ရွေးကာ ပြန်လည်လွတ်မြောက်လာကြကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာလဆန်းမှစ၍ ကိုးကန့်တပ် MNDAA သည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် သိန္နီမြို့ အတွင်းရှိ မူးယစ်ဆေးသုံးစွဲသူ၊ ရောင်းချသူများကို လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ကျမယောက်ျားကို ဖမ်းသွားတာ အခုဆိုရင် နှစ်လပြည့်တော့မယ်။ ပြန်လည်းမလွတ်လာသေးဘူး။ အရင်ကတော့ ပိုက်ဆံနဲ့ ပြန်သွားရွှေးခိုင်းတယ်။ ကျမက ပိုက်ဆံမပေးနိုင်ဘူး။ အခုတော့ မိုင်းရယ်ဘက်ကို ပို့လိုက်တာ ၁ လနီးပါး ရှိပြီ။ အဲ့မှာ ကတုတ်ကျင်း သွားတူးခိုင်းတာ” ဟု ဖမ်းဆီးခံရသူ သိန္နီမြို့ခံအမျိုးသားတစ်ဦး၏ ဇနီးဖြစ်သူက ပြောသည်။

လက်ရှိ၌ မိုင်းရယ်မြို့ဘက်သို့ ပို့ဆောင်ခံရသူ ၁၅ ဦး ရှိပြီး ကတုတ်ကျင်းတူးရသည့်အပြင် သစ်ခုတ်၊ ဝါးခုတ် ရသည်ဟု ဆိုသည်။ သို့သော် ပိုက်ဆံဖြင့်ပြန်ရွေးနိုင်သည့် ဒေသခံတချို့ ပြန်လည်လွတ်မြောက်လာကြောင်း ဖမ်းဆီးခံသူ၏ မိသားစုဝင်များက ပြောဆိုသည်။

“မူးယစ်ဆေးဝါးရောင်းလို့ အချုပ်ထဲရောက်နေတဲ့ အချို့သူတွေတော့ ပြန်ထွက်လာပြီ။ သူတို့အိမ်ကတော့ ကျပ်သိန်း ၁၇၀ နဲ့ ရွေးရတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှ ပြန်လွတ်လာတာပါ။ အခုက ပိုက်ဆံပေးနိုင်ရင် သူတို့ လွှတ်ပေးတယ်” ဟု ဖမ်းဆီးခံရသည့် အမျိုးသားတစ်ဉီး၏ ဇနီးက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကိုးကန့်တပ် (MNDAA) ၏ ပြန်ကြားရေးတာဝန်ခံကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

“အခုက အခြေအနေက သိပ်မကောင်းဘူးလေ။ ပြီးတော့ ကျမယောက်ျားကို တပ်သားအဖြစ် စုဆောင်းခံရမှာ ကြောက်တယ်။ ကျမမှာက ကလေးတစ်ယောက်ရှိတယ်” ဟု ၎င်းက ဆိုသည်။

MNDAA အနေဖြင့် လားရှိုးမြို့အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူနှင့် ရောင်းချသူများကို ဖမ်းဆီးမှုရှိကြောင်း ကိုးကန့်တပ် (MNDAA) ၏ လားရှိုးမြို့ ပြန်လည်ထူထောင်းရေးအဖွဲ့ တာဝန်ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းအတွင်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင် လူငယ်များကိုလည်း တပ်သားသစ်အဖြစ် ကိုးကန့်တပ် (MNDAA) က အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားမှုလည်း ရှိသည်။

April 11, 2026
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် သင်္ကြန်ပွဲတော် ကျင်းပရန် မဏ္ဍပ်(၉)ခုထက်မနည်း...
April 10, 2026
စိုင်းခွမ်မိန်း —သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်...
April 9, 2026
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်း(ပန်ခမ်း) မြို့နယ်ရှိ သတ္တုတူးဖော်ရာတွင်...
April 8, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် သဘာဝဘေး မကြာခဏကြုံတွေ့နေရသောကြောင့်...