ကရင်နီတွင် စစ်ကောင်စီတပ်၏ အဆိပ်ငွေ့ဗုံးများကြောင့် KNDF/ PDF အဖွဲ့ဝင်များ အချင်းချင်းပစ်သတ်မှုများ ဖြစ်ပွားနေဟု သတင်းအမှားဖြန့်

ကရင်နီတွင် စစ်ကောင်စီတပ်၏ အဆိပ်ငွေ့ဗုံးများကြောင့် KNDF/ PDF အဖွဲ့ဝင်များ အချင်းချင်းပစ်သတ်မှုများ ဖြစ်ပွားနေဟု သတင်းအမှားဖြန့်

ကရင်နီပြည်တွင် စစ်ကောင်စီတပ်၏ အဆိပ်ငွေ့ဗုံးများကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် KNDF နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့ဝင် အများအပြားရုတ်တရက် မလှုပ်ရှားနိုင်တော့ဘဲ စိတ်ဖောက်ပြန်၍ အချင်းချင်းပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း သတင်းအမှားဖြန့်ချိနေပါသည်။

စစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် Mawshan Myay Media ချန်နယ်လ်မှ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အဆိပ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက်မှုမရှိကြောင်း၊ သတင်းမီဒီယာများမှ ဖော်ပြသောအကြောင်းအရာသည် မမှန်ကန်ကြောင်းဆိုပြီးလည်း ရေးသားဖြန့်ဝေခဲ့သည်။

ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၁၄,၀၀၀ ကျော်ရှိပြီး Mawshan Myay Media ချန်နယ်လ်အပြင် အခြားစစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များကလည်း ထပ်ဆင့်ဖြန့်ဝေထားသည်။

မူရင်းလင့်ခ် - https://archive.ph/zzeZt

ဆက်စပ် သတင်းအမှားလင့်ခ် - https://archive.ph/xmpEo

သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြသည့် အကြောင်းအရာတွေကို Myanmar Fact-checking Network အဖွဲ့ဝင် အချက်အလက် စစ်ဆေးသူများက တိုက်ဆိုင်စစ်ဆေးကြည့်သည့်အခါ မှားယွင်းနေကြောင်း တွေ့ရသည်။

သတင်း စစ်ဆေးတွေ့ရှိချက်

ကရင်နီပြည်နှင့် သျှမ်း - ကရင်နီ နယ်စပ်ဒေသတွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ၌ စစ်ကောင်စီတပ်က ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်သည့်အခါ အဆိပ်ငွေ့ပြားများကို အသုံးပြုပြီး တိုက်ခိုက်လာကြောင်း KNDF ၏အတည်ပြုချက်ဖြင့် ကန္တာရတတီတိုင်း (မ်) က ဖော်ပြသည်။

Kantarawaddy Time – https://shorturl.at/Gg7Bb

ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နှင့် ၈ ရက်တို့တွင် သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ပြင်၌ အခြေစိုက်ထားသော ခမရ (၄၂၂) တပ်ရင်းမှ မိုးဗြဲမြို့နှင့် ပတ်ဝန်းကျင်နေရာများသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် S-PHOS (အက်စ်ဖော့စ်) တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ပြားများ ထည့်သွင်းအသုံးပြုတိုက်ခိုက်ခဲ့သည်ဟု People’s Spring ဌာနကလည်း ဖော်ပြသည်။

People’s Spring - https://shorturl.at/q0Yp6

ထိုအဆိပ်ငွေ့ပြားများကို ဗုံးသီးများနှင့်အတူ ထည့်သွင်းအသုံးပြုတိုက်ခိုက်ပြီး ထွက်လာသော မီးခိုးများမှ ရှူရှိက်မိသော ရဲဘော်အချို့သည် မူးဝေခြင်း၊ အော့အန်ချင်စိတ်ဖြစ်ခြင်း၊ အိပ်ချင်လာခြင်းနှင့် အားပျက်ခြင်း စသည့် ဝေဒေနာများကို ခံစားရသည်ဟုလည်း သျှမ်းသံတော်ဆင့်က ဖော်ပြသည်။

SHAN News - https://shorturl.at/NU5AV

သို့သော် အဆိပ်ငွေ့များ ရှူရှိက်မိသော ရဲဘော်များသည် မလှုပ်ရှားနိုင်တော့ဘဲ စိတ်ဖောက်ပြန်၍ အချင်းချင်း ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း ဖော်ပြခြင်းမရှိပေ။ လွတ်လပ်ပြီး ယုံကြည်စိတ်ချရသော သတင်းဌာနများတွင်လည်း ဤအကြောင်းအရာနှင့်ပတ်သက်၍ ယခုတိုင် ဖော်ပြခြင်းမရှိပါ။

စစ်ကောင်စီဝါဒဖြန့်သည့် အကြောင်းအရာနှင့်ပတ်သက်၍ KNDF ၏ ဗဟိုပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ယခုလိုပြောပါသည်။

“အချင်းချင်း ပစ်ခတ်နေတယ်လို့ပြောတာက ဒါကလုပ်ကြံပြီးတော့မှ ပြောဆိုနေတာပဲဖြစ်ပါတယ်။ ကျနော်တို့ အချင်းချင်းပစ်သတ်ဖို့နေနေသာသာ စစ်ကောင်စီကို တစ်ရက်ပြီး တစ်ရက် ဘယ်လိုတိုက်ခိုက်ရမလဲ၊ ဘယ်လိုချေမှုန်းရမလဲဆိုတာကိုပဲ စဉ်းစားနေရတာနဲ့ကို အချိန်မရှိပါဘူး” ဟု MFCN အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူများအား ဖြေကြားသည်။

ဆက်လက်ပြီး “ဒါကတော့ စစ်ကောင်စီရဲ့ ဆိုက်ဝါးပါပဲ။ စိတ်ဓာတ် စစ်ဆင်ရေးလုပ်တာပဲ ဖြစ်တယ်။ ပြည်သူတွေကြားမှာ ဝေဝါးမှုတွေဖြစ်အောင်၊ တော်လှန်ရေးတပ်ဖွဲ့တွေကြားမှာ သွေးကွဲမှုတွေ ဖြစ်အောင် အချင်းချင်းစိတ်သဘောထားကွဲလွဲအောင် ရန်တိုက်ပေးတဲ့သဘောပါပဲ။ ဒါ စိတ်ဓာတ်စစ်ဆင်ရေး ဝါဒပေါ့” ဟု တာအယ်စိုးက ထပ်လောင်းပြောသည်။

သုံးသပ်ချက်

ကရင်နီပြည်နှင့် သျှမ်း - ကရင်နီ နယ်စပ်ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဘက်က အဆိပ်ငွေ့များ အသုံးပြုတိုက်ခိုက်ခဲ့ဖြစ်စဉ်က မှန်ကန်သည်။

သို့သော် အဆိပ်ငွေ့များ ရှူရှိက်မိ၍ KNDF နှင့် PDF အဖွဲ့ဝင် အများအပြားရုတ်တရက် မလှုပ်ရှားနိုင်တော့ဘဲ စိတ်ဖောက်ပြန်၍ အချင်းချင်းပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း ဖော်ပြသည့်အကြောင်းအရာက မှားယွင်းနေသည်။

သတင်းအမှားဖြန့်ချိသူတွေက စစ်ကောင်စီ၏ ရာဇဝတ်မှုများကို ဖုံးကွယ်ရန်အတွက် အဆိုပါ အဆိပ်ငွေ့အား KNDF နှင့် PDF အဖွဲ့ဝင်များ ရှူရှိက်မိ၍ အချင်းချင်းပစ်ခတ်မှုများ ဖြစ်ပွားနေသယောင် လိမ်လည်ဝါဒဖြန့်ချိနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့်၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၄ ရက် လားရှိုးမြို့နယ်အတွင်းက မိုင်းကျပ်တပ်စခန်း၊ နိုဝင်ဘာလ ၁၈ ရက် နမ့်ခမ်းမြို့က စခန်းသစ်ကုန်းနှင့် နိုဝင်ဘာလ ၂၃ ရက် သိန္နီမြို့နယ်က နမ့်စလပ် တောင်ကုန်းတို့တွင် စစ်ကောင်စီတပ်က ဓာတုဗုံးဟုယူဆရသည့် လက်နက်များအသုံးပြုခဲ့ကြောင်း AA၊ TNLA နှင့် MNDAA တို့ ထုတ်ပြန်ချက်ကို ကိုးကား၍ DVB သတင်းက ဖော်ပြသည်။

DVB - https://burmese.dvb.no/post/681887

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

Most read this week

January 24, 2026
ပတ်ဝန်းကျင်တစ်ခုလုံး နှင်းများအကြား ပိန်းပိတ်နေသည်။ တစ်ယောက်နဲ့ တစ်ယောက် သဲသဲကွဲကွဲ မမြင်ရပေမယ့်...
January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 23, 2026
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့်...