ပူတာအို - မြစ်ကြီးနားကားလမ်းပိုင်း လူငယ်တွေ ခရီးသွားခွင့်ပိတ်ခံရ

ပူတာအို - မြစ်ကြီးနားကားလမ်းပိုင်း လူငယ်တွေ ခရီးသွားခွင့်ပိတ်ခံရ
ပူတာအိုမြို့တစ်နေရာ (Crd - Ko Ye Putao)
ပူတာအိုမြို့တစ်နေရာ (Crd - Ko Ye Putao)

ကချင်ပြည်နယ်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်း စစ်ကောင်စီတပ်က လူငယ်တွေကို ခရီးသွားခွင့်မပြုပဲ ပိတ်ပင်နေတယ်လို့ ပူတာအိုဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ကစလို့  ပူတာအို - မြစ်ကြီးနားကားလမ်းပိုင်း ခရီးသည်ကားနဲ့ လိုက်ပါလာတဲ့ လူငယ်တွေကို စစ်တပ်စစ်ဆေးရေးဂိတ်တွေကနေ ပြန်ခေါက်ခိုင်းနေတယ်လို့ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်း မောင်းနှင်နေတဲ့ ကားသမားတစ်ဦးက KNG ကို ပြောပါတယ်။

"အတက်လည်းမရဘူး။ အဆင်းလည်းမရဘူး။ လူပျိူလူလွတ်ဆိုရင်ကိုမရတာ။ မြစ်ကြီးနားကနေ တက်လာတဲ့လူဆိုရင် မြစ်ဆုံကနေ ပြန်ခေါက်ခိုင်းတယ်။ အဲ့ကြောင့် ခုနောက်ပိုင်း လူပျိုလူလွတ်တွေမတင်တော့ဘူး'' လို့ အသက် ၄၀ ဝန်းကျင်အရွယ် ကားသမားတစ်ဦးက ပြောပါတယ်။

မြစ်ကြီးနားကနေ ပူတာအိုတက်တဲ့ ခရီးသွားလူငယ်တွေကို မြစ်ဆုံအနီး တန်ဖရဲစစ်ဆေးရေးဂိတ်ကနေ ပြန်ခေါက်ခိုင်းသလို၊ ပူတာအိုကနေ မြစ်ကြီးနားဆင်းမယ့် ခရီးသွားလူငယ်တွေကိုလည်း လုံရှာယာန်ကျေးရွာက စစ်တပ်ဆေးရေးဂိတ်ကနေ ပြန်ခေါက်ခိုင်းနေတယ်လို့ ကားသမားတွေကဆိုပါတယ်။

စစ်ကောင်စီတပ် အခုလိုလုပ်ဆောင်နေတာနဲ့ပတ်သက်ပြီး ပူတာအိုမြို့ လေယာဥ်ကွင်းရပ်ကွက်နေ အမျိုးသားတစ်ဦးက အခုလို သုံးသပ်ပြောဆိုပါတယ်။

"အဓိကတော့ ပူတာအို - မြစ်ကြီးနား လမ်းပိုင်းမှာရှိတဲ့ PDF တွေထဲကို လူငယ်တွေ ရောက်သွားမှာဆိုးလို့ တားမြစ်ထားတဲ့သဘောပါပဲ။ ပြီးခဲ့တဲ့နှစ်တွေကလည်း လူငယ်တွေ အများကြီး ရောက်သွားတယ်လေ။ ဟိုဘက် (PDF) ဘက်က လူသစ်စုတဲ့နေရာမှာ ကားနဲ့ခရီးသွားတဲ့လူငယ်တွေကိုလည်း ပစ်မှတ်ထားစုဆောင်းတော့ အခုနောက်ပိုင်း တားမြစ်ထားတဲ့ပုံစံပါပဲ'' လို့ အသက် ၅၀ ကျော်အရွယ် အထက်ဖော်ပြပါအမျိုးသားက ပြောပါတယ်။

စစ်ကောင်စီတပ်က ပူတာအို - မြစ်ကြီးနားလမ်းပိုင်း ခရီးသွားလူငယ်တွေကို အခုလို တားမြစ်တာမျိုးရှိနေသလို ပူတာအိုကနေ မြစ်ကြီးနားဆင်းမယ့် ခရီးသည်တွေကိုလည်း ပူတာအိုမြို့တွင်းတပ် ခ.လ.ရ ၄၆ တပ်ထဲမှာ နာမည်စာရင်း ကြိုပေးသွင်းခိုင်းတာမျိုးတွေလည်း လုပ်ဆောင်နေပါတယ်။

ပူတာအိုမြို့က မြစ်ကြီးနားနဲ့ ၂၃၈ မိုင်ခန့်အကွာမှာရှိပြီး ပူတာအိုမြို့မရောက်ခင် ဆွမ်ပရာဘွမ်မြို့ကို KIA ပူးပေါင်းတပ်က ဒီနှစ် မေလအတွင်းက သိမ်းပိုက်ထားပါတယ်။

April 11, 2026
စစ်ကိုင်းတိုင်း– ကချင်အစပ်က ကသာမြို့မှာ ကူးတို့ဆိပ်လိုင်းတစ်ခုကို လုပ်ထုံးလုပ်နည်းအတိုင်းမဟုတ်ဘဲ...
April 9, 2026
နော်ထွယ့်(ဟူးကောင့်) — တနိုင်းသွား လီဒိုလမ်းမပေါ် ရှိ ဝါရာဇွပ်စစ်ရှောင်ပြည်သူတွေဟာ...
April 8, 2026
နော်ထွယ့်(ဟူးကောင့်) — ဖားကန့်မှာ တပ်မကုန်းပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်ကနေ...
April 7, 2026
ဒေသခံတစ်ဦးက သူ့အမြင်ကို ထုတ်ဖော်ပြောဆိုရန် စိတ်ရှိနေသော်လည်း လုံခြုံရေးအပေါ် စိုးရိမ်မှုများက...