ဖားကန့်မြို့အနီး စစ်တပ်ဂိတ် ၄ ခုမှာ ဖြန်သန်းသွားလာခွင့် ကန့်သတ်ထားလို့ လမ်းသွားလမ်းလာပြည်သူများ အခက်တွေ့

ဖားကန့်မြို့အနီး စစ်တပ်ဂိတ် ၄ ခုမှာ ဖြန်သန်းသွားလာခွင့် ကန့်သတ်ထားလို့ လမ်းသွားလမ်းလာပြည်သူများ အခက်တွေ့
၂၀၂၁ ခုနှစ်မှာတွေ့ရတဲ့ ဖားကန့်မြို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ
၂၀၂၁ ခုနှစ်မှာတွေ့ရတဲ့ ဖားကန့်မြို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ

ကချင်ပြည်နယ်၊ ဖားကန့်မြို့ အဝင်/အထွက် စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ် ၄  ခုမှာ လုံခြုံရေးတင်းကြပ်ပြီး ဂိတ်ဖြတ်သန်းခွင့်ကို ကန့်သတ်ထားတာကြောင့် လမ်းသွားလမ်းလာပြည်သူတွေ အခက်ခဲဖြစ်နေတယ်လို့ ဖားကန့်မြို့နေပြည်သူတွေဆီကနေ သိရပါတယ်။

မြို့အဝင်မှာရှိတဲ့ စစ်တပ်ရဲ့ ယမ်းချက် စစ်ဆေးရေးဂိတ်၊ လုံးခင်းကျေးရွာထိပ် မျောက်ကုန်း စစ်ဆေးရေးဂိတ်၊ မဇွပ်ယန်ထောင် စစ်ဆေးရေးဂိတ်နဲ့ ၇ မိုင်ရွာ စစ်ဆေးရေးဂိတ်တွေမှာ  ဂိတ်ဖွင့်ချိန်ကန့်သတ်ထားတယ်လို့ လုံးခင်းကျေးရွာနေ အမျိုးသားတစ်ဦးက KNG ကို အခုလိုပြောပါတယ်။

“ရေမဆေးသမားတွေက ညဘက်ပဲ ထွက်ရှာတာများတယ်။ တချို့လူသစ်တွေဆို မသိကြဘူးလေ။ ဟိုနေ့ညကလည်း ရေမဆေးသမားနှစ်ယောက် ညမှာ အကြောင်းမသိပဲဖြတ်မိတာ ဖမ်းသွားတယ်။ ပြန်တော့လွတ်တယ်။ ဒါပေမယ့် သူတို့မှာပါတဲ့ ငွေသုံးသောင်းနဲ့ ကျောက်ကြည့်ဓာတ်မီးတွေတော့ သိမ်းသွားတယ်တဲ့” လို့ ပြောပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ဂိတ်တွေဟာ မနက် ၆ နာရီနဲ့ ည ၆ နာရီအထိသာ ဖွင့်တာဖြစ်ပြီး အခုလို အချိန်ကန့်သတ်ထားတာကြောင့် ရေမဆေးကျောက်ရှာဖွေသူတွေနဲ့ အများပြည်သူ ညဘက် သွားလာရေးခက်ခဲတယ်လို့ ရေမဆေးသမားတွေနဲ့ နီးစပ်တဲ့ လုံးခင်းဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မျောက်ကုန်းဂိတ်အနီးမှာလည်း စစ်ကောင်စီတပ်တွေဟာ အရပ်ဝတ်နဲ့ လမ်းသွားလမ်းလာပြည်သူတွေကို မကြာခန ဖမ်းဆီးပြီး ငွေညှစ်နေတာလည်းဖြစ်ပါတယ်။

အသက် ၃၀ ကျော်အရွယ် ဖားကန့်မြိုခံ အမျိုးသားတစ်ဦးက “ကျန်တဲ့နေရာမှာ မရှိတော့ဘူး။ ဖားကန့်အနီးတဝိုက် အဲ့ဂိတ် ၄ ခုပဲရှိတော့တယ်။ အစစ်အဆေးကတော့ မထင်ရင်မထင်သလိုကြမ်းတယ်။ တခါတလေ မူးမူးရူးရူးနဲ့ဆင်းလာပြီးမှ ရစ်တာ။ စစ်တာမဟုတ်ပဲ ရစ်တာက ပိုဆိုးတယ်ဗျ။ ဂိတ်က ည ၆ နာရီနောက်ပိုင်းဆို ဖြတ်မရတော့ သွားချင်လာချင်လဲ သွားလာလို့မရဘူးပေါ့ဗျာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေဟာ ဖားကန့်မြို့အလွန် မြို့ရဲ့အနောက်ဘက်ခြမ်းမှာရှိတာဖြစ်ပြီး မြို့အဝင်/အထွက်တွေကို အဲ့ဒီစစ်ဆေးရေးဂိတ်တွေကနေ တင်းကြပ်နေတာလို့ သိရပါတယ်။

ဒေသခံတွေပြောပြချက်အရ အဲ့ဒီစစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီတပ် အင်အား ၃၀ နဲ့ ၅၀ ဝန်းကျင် အမြဲဂိတ်ထိုင်တယ်လို့သိရပြီး ဖားကန့်ဗျူဟာကုန်းကစစ်သားတွေနဲ့ တပ်အင်အား အမြဲအပြောင်းအလဲလုပ်တယ်လို့ ဆိုပါတယ်။

ဖားကန့်မှာ ၂၀၂၄ ခုနှစ်အတွင်း KIA၊ KPDF ပူးပေါင်းတပ်တွေဟာ ဖားကန့်မြို့နယ်ထဲက စစ်ကောင်စီတပ်ထိုင်ထားတဲ့ ကျေးရွာတွေဖြစ်တဲ့ တာမခံ၊ နန့်ယား၊ ဆယ်ဇင်း၊ ဆိုင်းတောင်၊ ဝှေခါ အစရှိတဲ့ ကျေးရွာတွေနဲ့ ရှေ့တန်းစခန်း အမြောက်အများကို သိမ်းပိုက်ထားပြီး လက်ရှိမှာတော့ ဖားကန့်မြို့တွင်းတပ်နဲ့ အထက်မှာဖော်ပြခဲ့တဲ့ နေရာတွေမှာသာ ကျန်ရှိတော့တာဖြစ်ပါတယ်။

Most read this week

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...