ဗန်းမော်တိုက်ပွဲ ပြင်းထန်နေချိန် တရုတ်အစိုးရက KIO ကို တွေ့ဆုံဖို့ဖိတ်ခေါ်

ဗန်းမော်တိုက်ပွဲ ပြင်းထန်နေချိန် တရုတ်အစိုးရက KIO ကို တွေ့ဆုံဖို့ဖိတ်ခေါ်
၂၀၁၆ ခုနှစ်၊ မိုင်ဂျာယန်မြို့ EAO အဖွဲ့ တွေ့ဆုံဆွးနွေးပွဲတက်ရောက်စဉ် မြင်တွေ့ရတဲ့ KIO ဥက္ကဌ (Photo - crd)
၂၀၁၆ ခုနှစ်၊ မိုင်ဂျာယန်မြို့ EAO အဖွဲ့ တွေ့ဆုံဆွးနွေးပွဲတက်ရောက်စဉ် မြင်တွေ့ရတဲ့ KIO ဥက္ကဌ (Photo - crd)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေချိန် တရုတ်အစိုးရက KIO နဲ့တွေ့ဆိုဖို့ ဖိတ်ခေါ်တာကြောင့် KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ဦးဆောင်တဲ့အဖွဲ့ တရုတ်နိုင်ငံကို ထွက်ခွာသွားကြောင်း KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက KNG ကို ပြောပါတယ်။

ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ (KIO) ဥက္ကဌ ဗိုလ်ချူပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့အဖွဲ့ဟာ ဒီဇင်ဘာလ ၈ ရက်နေ့  မနေ့ကတည်းက တရုတ်ပြည်ကို ထွက်သွားတာဖြစ်ပြီး တွေ့ဆုံရမယ့်အကြောင်းအရာကိုတော့ အသေးစိတ်မသိရဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“KIO က တရုတ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးတယ်လို့မဟုတ်ပဲ ကျနော်တို့ KIO ခေါင်းဆောင်တွေကို တရုတ်အစိုးရဘက်က ခေါ်ဆိုတာကြောင့် သွားလိုက်တာဖြစ်တယ်။ တွေ့ဖြစ်၊ မတွေ့ဖြစ် မသိဘူးနော်။ သွားတော့သွားလိုက်တယ်။ မနေ့က သွားလိုက်တယ်။ မနေ့ကသွားလိုက်တဲ့ထဲမှာ ကျနော်တို့ ဥက္ကဌ ဗိုလ်ချုပ်အင်ဘန်လ ဦးဆောင်သွားလိုက်တာဟုတ်တယ်” လို့ KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက KNG ကချင်သတင်းဌာနကို ပြောပါတယ်။

ကချင်ပြည်နယ်တွင်းရှိ တရုတ်-မြန်မာ နယ်စပ်တစ်ကြော စီပွားရေးဇုံနယ်အားလုံးကို KIO/KIA ထိန်းချူပ်ထားပြီး လက်ရှိ ဗန်းမော်မြို့နဲ့ မံစီမြို့နယ်တို့မှာ စစ်ကောင်စီနဲ့ တိုက်ပွဲပြင်းထန်နေချိန် KIO ကို တရုတ်အစိုးရဘက်က တွေ့ဆုံဖို့ ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။

ခုလို KIO အဖွဲ့ကို တရုတ်အစိုးရဘက်က ဖိတ်ခေါ်တာဟာ ဗန်းမော်တိုက်ပွဲ ရပ်တန့်ပေးဖို့ ဖြစ်နိုင်သလို KIA သိမ်းပိုက်ထားတဲ့ နယ်စပ်ဂိတ်အားလုံး ပြန်လည်ဖွင့်ဖို့ ညှိနှိုင်းတာလည်း ဖြစ်နိုင်တယ်လို့ တရုတ်အရေးကျွမ်းကျင်တဲ့ ကချင်နိုင်ငံရေးလေ့လာသုံးသူတစ်ဦးက ခုလိုပြောပါတယ်။

“အကြောင်းအရင်းက ၂ ခုဖြစ်နိုင်တယ်။ ပထမတစ်ချက်က နယ်စပ်ဂိတ်တွေအားလုံး ဖွင့်မယ့်ကိစ္စ တိုင်ပင်လာနိုင်မလား၊ နောက် ဒုတိယအချက်က ဗန်းမော်တိုက်ပွဲလည်း ပြင်းထန်နေတာဆိုတော့ ဗန်းမော်တိုက်ပွဲရပ်ပေးဖို့ ပြောတာလည်း ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

ဒါပေမယ့် KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူကြီးအင်ဖန်နော်ဘူ ပြောတာက တရုတ်အစိုးရနဲ့ ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ KIO ကြား တစ်လ (သို့မဟုတ်) ၂ လတစ်ကြိမ် ပုံမှန်တွေ့ဆုံမှုသာဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ကချင်အထူးဒေသ (၁) နယ်မြေ မသိမ်းပိုက်ခင်လည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို တရုတ်ဘက်က တိုက်ပွဲမဖော်ဆောင်ဖို့ ဖိအားပေးခဲ့တာတွေရှိပါတယ်။

ဒါပေမယ့် KIA  ဟာ တရုတ်ဖိအားတွေကြားက မြေရှားသတ္တုထွက်ရှိရာ ကချင်အရှေ့ဘက်ခြမ်း ချီဖွေဒေသ၊ ပန်ဝါမြို့၊ ကန်ပိုင်တီမြို့ စတဲ့ နယ်စပ်ကုန်သွယ်ရေးဒေသအားလုံး သိမ်းပိုက်ထိန်းချူပ်လိုက်ပြီး လက်ရှိချိန်ထိ ကုန်သွယ်ရေးဂိတ်တွေအားလုံး ပိတ်ထားဆဲဖြစ်ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး  တရုတ်နယ်စပ် လွယ်ဂျယ်မြို့နဲ့  မိုင် ၄၀ အကွာမှာရှိတဲ့ ဗန်းမော်မြို့ကို ထိုးစစ်စတင်ကာ တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။

ဒါကြောင့် အခုလို စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေချိန် တရုတ်အစိုးရဘက်က KIO ကို ခေါ်ယူတွေ့ဆုံမှုအပေါ် လူထုကြား စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။

ရှမ်းမြောက်မှာ နယ်စပ်ကုန်သွယ်ရေးနဲ့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချူပ် လားရှိုးမြို့အပါအဝင် နယ်မြေအမြောက်အများကို သိမ်းပိုက်ထိန်းချူပ်ထားနိုင်ပြီဖြစ်တဲ့ ကိုးကန့် MNDAA နဲ့ တစ်ဖက်က တအာင်းလွတ်မြောက်ရေးအဖွဲ့ PSLF/TNLA တပ်ဖွဲ့တို့ဟာ တရုတ်ဖိအားကြောင့် စစ်တပ်နဲ့ အပစ်ရပ်ပြီး စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ တပ်ဖွဲ့နှစ်ဖွဲ့စလုံး ထုတ်ပြန်စာအသီးသီး ထုတ်ပြန်ထားပြီလည်းဖြစ်ပါတယ်။

တရုတ်-မြန်မာ နယ်စပ်မှာ တိုက်ပွဲတွေဖော်ဆောင်တာမလုပ်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို တရုတ်ဘက်က နယ်စပ်ဂိတ်တွေပိတ်ပြီး ဖိအားပေးနေချိန်မှာပဲ နယ်စပ်ဒေသတစ်ခုကို KIA က သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

Most read this week

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...