အချုပ်မှူးကိုသတ်ပြီး ထွက်ပြေးလွတ်မြောက်နေသော အကျဉ်းသားများကို ဖမ်းဆီးနိုင်ခြင်းမရှိသေး

အချုပ်မှူးကိုသတ်ပြီး ထွက်ပြေးလွတ်မြောက်နေသော အကျဉ်းသားများကို ဖမ်းဆီးနိုင်ခြင်းမရှိသေး

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ကရင်အမျိုးသားရဲတပ်ဖွဲ့-KNPF အချုပ်မှူးကိုသတ်ပြီး ထွက်ပြေးလွတ်မြောက်နေသူ အကျဉ်းသားများကို နိုဝင်ဘာလ ၂၁ ရက်အထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောသည်။

မူးယစ်ဆေးဝါး အထူးအက်ဥပဒေပုဒ်မဖြင့် ပြစ်ဒဏ်ကျခံရသူ စောသီဟ၊ စောသမော့အဲနှင့် ပြုပြင်ထိန်းသိမ်းအပြစ်ပေးခံသူ အောင်ထက်မြတ်ဇော်တို့ အကျဉ်းသား ၃ ဦးသည် ကော့ကရိတ်မြို့နယ် အချုပ်ခန်း၌ အကျဉ်းချခံနေရစဉ် ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့တွင် အချုပ်မှူးကို ပစ်သတ်၍ ထွက်ပြေးလွတ်မြောက်သွားခြင်း ဖြစ်သည်။

အဆိုပါ ထွက်ပြေးလွတ်မြောက်နေသည့် အကျဉ်းသား (၃)ဦးကို ဖမ်းဆီးရမိရေးအတွက် အဖွဲ့တာဝန်ရှိသူများ၊ အခြားသော ကရင်လက်နက်ကိုင်အဖွဲ့များနှင့် ချိတ်ဆက်လုပ်ဆောင်မှုများရှိပြီး  လက်ရှိအချိန်ထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း ကော့ကရိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး စောအဲဒါးခလိန်းက ယခုလို ပြောသည်။

“ထွက်ပြေးသွားတဲ့ တရားခံသုံးဦးကို ဖမ်းမိဖို့ KNU/KNLA-PC၊ BGF ၊ DKBA (လက်နက်ကိုင်အဖွဲ့များ) တို့ ချိတ်ဆက်ပြီး စီစဥ်လုပ်ဆောင်တာရှိပါတယ်။ လူလွှတ်ပြီးတော့စုံစမ်းခိုင်းထားတာလည်း ရှိတယ်။ ဖမ်းဆီးနိုင်ဖို့အကောင်းဆုံးလုပ်ဆောင်သွားမယ်။ စီစဥ်ထားတာလည်း ရှိပါတယ်”ဟု ရဲမှူး စောအဲဒါးခလိန်းက ကေအိုင်စီသို့ ပြောသည်။

လက်ရှိတွင် ထွက်ပြေးလွတ်မြောက်နေသော အကျဉ်းသားများ ပြန်လည်ဖမ်းဆီးနိုင်ခြင်း မရှိသေးသော်လည်း ၎င်းတို့ ယူဆောင်သွားသည့် သေနတ်ခဲယမ်းများကိုမူ ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ချန်ထားသည်ကို ရွာသားများတွေ့၍ ရဲတပ်ဖွဲ့ထံ ပြန်လည်အပ်နှံသွားခဲ့ပြီဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ပြောသည်။

အဆိုပါ ထွက်ပြေးသွားသည့် အကျဉ်းသား ၃ ဦးသည် ကရင်အမျိုးသားရဲတပ်ဖွဲ့-KNPF ထံမှ ခြောက်လုံးပြူးသေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ ကျည်ဆံအချို့၊ မြန်မာငွေသိန်း (၃၀) ကျော်နှင့် ဆိုင်ကယ် (၁)စီးယူဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဥ်ကိစ္စဖြစ်ပွားမှုကြောင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးပိုင်းဆိုင်ရာနှင့်ပတ်သက်ပြီး ယခင်ကထက် ပိုမိုကောင်းမွန်အောင် သတိပြုဆောင်ရွက်လျက်ရှိကြောင်းလည်း မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောသည်။

April 11, 2026
“ကော်သူးလေအစိုးရကို ကော်သူးလေအုပ်ချုပ်ရေးကောင်စီဆိုပြီး ပြောင်းလဲသတ်မှတ်ဖို့ ရှိနေတယ်။...
Photo: KIC
April 11, 2026
ကော်သူးလေဖက်ရယ်ယူနစ်တည်ဆောက်ရေးတွင် အဓိကကျသော တော်လှန်ရေးကာလ ကော်သူးလေ ပဋိဉာဉ်ကို...
Photo: KNU
April 10, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ၊ တပ်မဟာ(၇)၊ ဖားအံခရိုင်အတွင်းရှိ အကျဥ်းထောင်မှ...
April 9, 2026
စစ်ခေါင်းဆောင်မင်းအောင်လှိုင် အစိုးရအသစ်အနေဖြင့်တက်လာအပြီး ကရင်ပြည်နယ်၊ ဖားအံမြို့နယ်...