အင်းလေးတွင် ရေကြီးမှုအပြင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၄၀ ကျော် ထပ်မံပျက်စီး

အင်းလေးတွင် ရေကြီးမှုအပြင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၄၀ ကျော် ထပ်မံပျက်စီး
အင်းလေးဒေသအတွင်း လေပြင်းတိုက် နေအိမ်ပျက်စီးပုံများ
အင်းလေးဒေသအတွင်း လေပြင်းတိုက် နေအိမ်ပျက်စီးပုံများ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးမှုဒဏ် ခံစားခဲ့ရသည့် အပြင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် အလုံး ၄၀ ခန့် ထပ်မံပျက်စီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

နိုဝင်ဘာလ ၂ ရက်ညအချိန်တွင် ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အနောက်ဖက်ခြမ်းရှိ ကံလှ၊ ကနုကျေးရွာများတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အလုံး ၄၀ ခန့် ပျက်စီးမှုများရှိခဲ့ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ရေက ကျခါစပဲရှိသေးတာ၊ တချို့တထပ်အိမ်လေးတွေဆို ပြန်တောင်မပေါ်သေးဘူး၊ ခုက နှစ်ထပ်အိမ်တွေ ခေါင်မိုးလှန်ကုန်တာရယ်၊ တချို့အိမ်လေးတွေ ပြိုသွားတာတွေရှိတယ်” ဟု ၎င်းကပြောသည်။

ဒေသခံအများစု၏ နေအိမ်များမှာ ရေမြုပ်ထားမှုများကြောင့် ပြန်လည် ပြုပြင်နိုင်ခြင်းမရှိသေးဘဲ ယခုကဲ့သို့ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများပိုမိုဆိုးဝါးခဲ့ကြောင်းလည်း ၎င်းကဆက်ပြောသည်။

“ခုပျက်စီးသွားတဲ့ နေအိမ်တွေမှာက သက်ကြီးရွယ်အိုတွေ မသန်စွမ်းတွေနေနေတော့ အကူအညီတွေ အများကြီးလိုတယ်၊ ခုက သွပ်တွေ ပစ္စည်းတွေက အသစ်မဝယ်နိုင်တော့ အဟောင်းတွေနဲ့ပဲ ပြန်သုံးပြီးမိုးနေကြရတယ်” ဟု ကနုကျေးရွာမှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

လက်ရှိလေဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော ကံလှကျေးရွာသို့ ညောင်ရွှေမှ တဆင့် ခေါင်တိုင်ကျေးရွာသွားလမ်းအနီးတွင် သွားရောက်လှူဒါန်းပေးနိုင်ကြောင်းကိုလည်း ဒေသခံများထံမှတဆင့် သိရသည်။

ထို့အပြင် အင်းလေးကန်အတွင်းရှိ ရှေးဟောင်းဘုန်းကြီးများ၊ ရှေးဟောင်းစေတီပုထိုးများမှာလည်း ရေကြီး ပြီးနောက် ပြန်လည်ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေပြီး အင်းလေးဒေသခံအများစုလည်း ရေဘေး နောက်ဆက်တွဲ အခြေအနေများကြောင့် ပြန်လည်ထူထောင်နိုင်ရန် အခက်အခဲများစွာရှိနေသေးကြောင်း သိရသည်။

စက်တင်ဘာလအတွင်းတိုက်ခတ်ခဲ့သော မုန်တိုင်းရာဂီကြောင့် သျှမ်းပြည်တောင်ပိုင်းမြို့နယ်အများအပြားနှင့် အင်းလေးဒေသတွင် ရေကြီးမှုဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရပြီး ယခုလ နိုင်ဝင်ဘာ ၂ ရက်ညနေအချိန်တွင် လေပြင်းပြန်လည်တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် နိုဝင်ဘာလ ၆ ရက်မှ ၈ ရက်အတွင်း ညောင်ရွှေ၊ အင်းလေးဒေသများတွင် မိုးများ ပြန်လည် ရွာသွန်းနိုင်ကြောင်း မိုးလေဝသ လေ့လာသူများထံမှသိရသည်။

အင်းလေးဒေသအတွင်း လေပြင်းတိုက် နေအိမ်ပျက်စီးပုံများ

Most read this week

ဓါတ်ပုံ - ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်
August 21, 2026
သျှမ်းပြည်အတွင်း စစ်ရေးပဋိပက္ခများနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇...
(တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ် ၁ တံတား နယ်စပ်ဂိတ် မြင်ကွင်း။)
August 21, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့်...
August 20, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က...
ဓာတ်ပုံ - (သျှမ်းတောင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ် / Crd)
August 20, 2026
စစ်အုပ်စုတပ်၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်...