ဖားအံမြို့ အမှတ်(၃)ရပ်ကွက်တွင် စစ်ကောင်စီက စစ်မှုထမ်းခိုင်းစေရန် စတင်ခေါ်ယူ

ဖားအံမြို့ အမှတ်(၃)ရပ်ကွက်တွင် စစ်ကောင်စီက စစ်မှုထမ်းခိုင်းစေရန် စတင်ခေါ်ယူ

ကရင်ပြည်နယ်၊ ဖားအံမြို့၊ အမှတ်(၃)ရပ်ကွက်တွင် စစ်ကောင်စီက ၎င်းတို့၏ ပြည်သူ့စစ်မှုထမ်းစနစ်အကောင်အထည်ပေါ်ရေးအတွက် စစ်မှုထမ်းသင်တန်းတက်မည့် အမျိုးသားများကို စတင်ခေါ်  ယူနေပြီဖြစ်ကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးဝန်ထမ်းများက အမှတ်(၃)ရပ်ကွက်နေ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ အမျိုးသားများနေအိမ်သို့ စစ်မှုထမ်းကိစ္စအစည်းဝေးတက်ရောက်ရန် လက်ကမ်းစာစောင်များ လိုက်လံပေးဝေခဲ့ပြီးနောက် အောက်တိုဘာလ(၂၇)ရက်နေ့က ပြုလုပ်သည့် အစည်းအဝေးအတွင်း အမှတ်(၃)ရပ်ကွက်အတွက် စစ်မှုထမ်းအမျိုးသား(၂)ဦး ခေါ်ယူ တော့မည့်အကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

အမည်မဖော်လိုသူ ဖားအံမြို့ခံတစ်ဦးက “၁၈ ကနေ ၃၅နှစ်အတွင်းပေါ့ ၊ ကျောင်းတက်နေတဲ့ ကလေးဆိုလည်း သူ့အိမ်ကိုစာရွက်ရောက်လာတာပဲ။ အစည်းအဝေးမှာ စစ်မှုထမ်းဖို့အတွက် အမှတ်(၃)ရပ်ကွက်က လူနှစ်ယောက်သွားရမယ်ပြောတော့ မသွားချင်ကြဘူးလေ။ အဲဒီတော့ လူအစားထိုးဖို့ဆို ပိုက်ဆံပေးရမယ်ပေါ့။ အစားထိုးပါပြီတဲ့ အိမ်ပေါ်ထိလူတွေကို တက်ဆွဲမယ် ဆိုရင်ရော အာမခံနိုင်လားဆိုတော့ အာမခံတယ်လို့ပြောတယ်။" ဟု ၎င်းက ပြောသည်။

စစ်မှုထမ်းစနစ်ကို စတင်အသက်သွင်းချိန်မှစ၍ စစ်ကောင်စီဘက်က တိုင်းနှင့်ပြည်နယ်အနှံ့အပြား၌ စစ်မှုထမ်းခေါ်ယူရေးလုပ်ငန်းများ ဆောင်ရွက်လာသည်မှာ ယခုအောက်တိုဘာလတွင် အပတ်စဥ်(၆) အထိရှိလာပြီဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေအပြင် အခြား ကရင့်လက်နက်ကိုင် များ လှုပ်ရှားရာနယ်မြေလည်းဖြစ်သည့် ဖားအံမြို့တွင် ယခုလို စစ်မှုထမ်းကိစ္စအတွက် အိမ်တိုင် ရာရောက် စာပို့ခေါ်ယူခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး အမှတ်(၃)ရပ်ကွက်တွင်သာ တွင်တွင် ကျယ်ကျယ်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု မြို့တွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

“အမှတ်(၃)တစ်ခုလုံးဆို  နှစ်ယောက်ယူမယ်။ မသွားချင်ရင် ပိုက်ဆံထည့်ရမယ်ဆိုပြီးပြောတယ်။ အစားထိုးစစ်မှုထမ်းရမယ့်နှစ်ယောက်အတွက် ကျမတို့ ပိုက်ဆံတတ်နိုင်လားမေးတယ်။ ဘယ်လောက်ကောက်မလဲတော့မသိသေးဘူး။ ဥပမာ နှစ်ယောက် ပေါင်း ၁၀သိန်းလောက်ကျတယ် ဆိုရင်တောင် အကုန်လုံးမျှထည့်ရမှာပေါ့။”ဟု စစ်ကောင်စီဘက်က ခေါ်ယူသည့် အစည်းအဝေးတက်ရောက်ခဲ့သူ နောက်ထပ်မြို့ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ဖားအံအပါအဝင် ကရင်ပြည်နယ်အတွင်း စစ်မှုထမ်းကိစ္စနှင့်ပတ်သက်၍ ယခင်က စစ်မှုထမ်း ဥပဒေကြောင်း သိနားလည်စေရန်ဟု ဆိုကာ စစ်ကောင်စီလက်အောက်ခံများမှ လက်ကမ်း စာစောင် များ လိုက်လံပေးဝေမှုရှိခဲ့သလို ပြီးခဲ့သည့်လများကလည်း ဖားအံမြို့ပေါ် ရပ်ကွက်အချို့ရှိ အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာရပ်ကွက်မှ စစ်မှုထမ်းရန် အသက်ပြည့်မီသူလူငယ်များစာရင်းကို  မှတ်တမ်းပြုစုနေကြောင်း သတင်းများပေါ်ထွက်ခဲ့ဖူးသည်။

ထို့အတူ စစ်မှုထမ်းဥပဒေထွက်ရှိပြီးနောက် ထိုဥပဒေမှ တိမ်းရှောင်ရန် တိုင်းရင်းသား လက်နက်ကိုင်နယ်မြေနှင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ အလုံးအရင်းလိုက် ထွက်ပြေးလာသူများတွင် ကရင်ပြည်နယ်မှ လူငယ်အများအပြား ပါဝင်ခဲ့သည်။

Most read this week

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...