ပင်လောင်းမြို့နယ် စစ်ကောင်စီနှင့် ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု နှစ်ပတ်ကျော်ကြာ တိုက်ပွဲပြင်းထန်နေ

ပင်လောင်းမြို့နယ် စစ်ကောင်စီနှင့် ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု နှစ်ပတ်ကျော်ကြာ တိုက်ပွဲပြင်းထန်နေ

သျှမ်းပြည်တောင်ပိုင်း ၊ ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီ နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲသည် နှစ်ပတ်ကျော်ကြာသည်အထိ ပြင်းထန်နေကြောင်း သတင်းရရှိသည်။

ပင်းလောင်းမြို့ နှင့် ဖယ်ခုံမြို့သွားသည့် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နမ့်ဖာမူ၊ ပင်စုံ၊ လဲလောင်းနှင့် တက်တောင် စသည့် ကျေးရွာများတွင် စစ်ကောင်စီ၊ ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ် နှင့် ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုတို့ကြား နေ့စဉ်တိုက်ပွဲပြင်းထန်နေကြောင်း ပင်းလောင်းမြို့နယ် ဒေသခံအမျိုးသားတစ်ဦး က‌ သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အခုထိတော့ တိုက်ပွဲတွေက အခြေအနေဆိုးနေတယ်။ ၃ ပတ်လောက်နီးပါးရှိနေပြီ။ ရွာထဲမှာကော ရွာပြင်ကော တိုက်ပွဲတွေ ဖြစ်နေကြတာ ရွာထဲမှာလည်းပစ်နေတာပဲ။ ကျနော်တို့ရွာနဲ့က ၂မိုင်လောက်ပဲ ဝေးတာ။ တိုက်ပွဲဖြစ် နေတဲ့နေရွာက ၄ ရွာလောက်မှာ ဖြစ်တာ။တိုက်ပွဲတွေက နေ့တိုင်းဖြစ်တယ်။ လေယာဉ်နဲ့ကော လက်နက်ကြီးတွေ နဲ့ကော ပစ်တာ”  ဟု ၎င်းက  သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပင်လောင်းမြို့ နှင့် ဖယ်ခုံမြို့ နယ်စပ်တွင် စစ်ကောင်စီ လက်‌အောက်ခံ ပအိုဝ်းပြည်သူ့စစ်သည် ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်မှစ၍ လမ်းများပိတ်ထားသည့်အတွက် တိုက်ပွဲအတွင်း၌ ပိတ်မိနေသည့် ဒေသခံများရှိနေကြောင်း ၎င်းကဆက်ပြောသည်။

“ရွာထဲကနေပြေးဖို့ အဆင်မပြေတဲ့လူတွေ ကျန်နေတဲ့လူနေတွေ လည်းရှိတယ်။ တစ်ရွာကို အယောက် ၅၀ ခန့်မှန်းခြေ အဲ့လောက် ရှိတယ်။ လမ်းတွေပိတ်ထားတာကြောင့်လည်း ပြေးလို့မရဘူး။ လမ်းတွေကတော့ ပအိုဝ်းပြည်သူ့စစ်တွေက တောလမ်း၊ လမ်းမကြီး ၊ရေလမ်းတွေအကုန်ပိတ်ထားတာ” ဟု ဒေသခံအမျိုးသားတစ်ဦး  ကပြောသည်။

ထိုတိုက်ပွဲဖြစ်ပွားနေသော ကျေးရွာများသည် ပင်လောင်းမြို့နှင့် မိုင် ၂၇ ကျော် ကွာဝေးကြောင်းသိရသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားနေသည့် ကျေးရွာများမှ ဒေသခံများသည် ညောင်ရွှေ မြို့နယ် နှင့် ပင်လောင်းမြို့အတွင်း သို့ ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်မှစတင်၍ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ပထမပတ်မှစ၍ စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တို့ပူးပေါင်းပြီး တိုက်ပွဲဖြစ်ပွားသည့် ကျေးရွာများတွင် စစ်အင်အားဖြည့်ကာ စစ်ကြောင်းထပ်မံ တိုးထားကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်တွင်လည်း ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီ လက်နက်ကြီး တဖက်သတ် ပစ်ခတ်မှုကြောင့် ဗန်းမောက်ကျေးရွာ ဒေသခံ တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

Most read this week

Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...
December 1, 2025
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...