ဖားအံတွင် သန်းခေါင်စာရင်း ကောက်ယူနေပြီး လုံခြုံရေးတင်းကြပ်ထား

ဖားအံတွင် သန်းခေါင်စာရင်း ကောက်ယူနေပြီး လုံခြုံရေးတင်းကြပ်ထား

ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်ကောင်စီက အောက်တိုဘာ ၁ ရက်နေ့မှစ၍ သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ဆောင်နေပြီး မြို့တွင်း၊ မြို့ပြင်လုံခြုံရေးတင်းကြပ်ထားသည်ဟု ဖားအံမြို့ခံများက အောက်တိုဘာ ၂ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

လက်ရှိ ဖားအံမြို့တွင်းရှိ ရပ်ကွက်လမ်းထိပ်နေရာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ အခြေချနေရာယူထားသည့်အပြင် မိုးတွင်းကာလအတွင်း ဖွင့်ထားခဲ့သည့် ယခင်ပြည်နယ် အစိုးရရုံးသို့ သွားနိုင်သည့် သီရိဘောလုံးကွင်း အနီးရှိ ပြည်ထောင်စုလမ်းပိုင်းကို ပြန်လည်ပိတ်ထားခဲ့ပြီး လုံခြုံရေးတင်းကြပ်ထားသည်ဟု အဆိုပါရပ်ကွက်အနီးတွင် နေထိုင်သည့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

“အခုလက်ရှိမှာက ရပ်ကွက်ထိပ်တွေ၊ လမ်းထိပ်တွေမှာ တစ်နေရာကိုနှစ်ယောက်နှုန်းနဲ့ လုံခြုံရေး ယူထားတယ်။ ပြည်ထောင်စုလမ်းကတော့ ပြန်ပိတ်လိုက်ပြီး၊၊ ဆိုင်ကယ်တွေတော့ ပေးသွားတယ်။ ဒါပေမဲ့ မနေ့ကစကောက်တဲ့ ရက်ကဆို စစ်တပ်နဲ့ရဲက ဖားအံကလမ်းပိုင်း တစ်လျှောက်ကို လုံခြုံရေး ယူထားတဲ့အတွက် ဒေသခံတွေအပြင် မထွက်ရဲကြတဲ့အခြေနေမှာရှိနေတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူမှုကို ယမန်‌နေ့ နံနက်ပိုင်းကတည်းက စတင်လုပ်ဆောင်နေသည်ဟု ဖားအံမြို့ပေါ် တွင်နေထိုင်သူ အမည်မဖော်လိုသူ တစ်ဦးက ယခုလို ပြောသည်။

“မနေ့ကစပြီးတော့ အမှတ် (၁) ရပ်ကွက်တွေမှာ ကောက်တယ်။ စစ်သားတွေရော ရဲတွေ ရောအင်အားအပြည့်နဲ့ နေရာတိုင်းမှာ လမ်းကင်းသဘောမျိုး လုံခြုံရေးယူထားတာအများကြီးပဲ။ တစ်ချို့စကစနဲ့ မပူးပေါင်းဘဲနဲ့ နာမည် စာရင်း ကောက်တာကို ပုံစံအမျိုးမျိုးနဲ့ ငြင်းကြ တာလည်းရှိနေပါတယ်” ဟု ၎င်းက ပြောသည်။

ယခုနံနက် အစောပိုင်းတွင်လည်း ဖားအံမြို့ပေါ်တွင် သန်းခေါင်စာရင်း ကောက်ရန် ကျန်နေသေးသည့် ရပ်ကွက်များတွင် ဆက်ကောက်လျက်ရှိသလို ဖားအံမြို့ပြင်ရှိ ကော့ကျိုက်ကျေးရွာ၊ ကော့လှိုက်ကျေးရွာ အပါအဝင် ထုံးအိုင်ကျေးရွာ များတွင်လည်း သန်းခေါင်စာရင်း ကောက်ယူနေသည်ဟု ဒေသခံများက ပြောသည်။

ဖားအံမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ခံခြင်းများကို ရပ်ကွက်အတွင်းရှိ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အဓိကလုပ်ဆောင်နေကြသည်။

ဖားအံမြို့အတွင်းသို့ အခြားသောဒေသမှ လာရောက်၍ စစ်ဘေးရှောင်တိမ်းသူများနှင့် အိမ်ငှားနေထိုင်သူများကို သန်းခေါင်စာရင်းကောက်ခံခြင်းများ မပြုလုပ်သေးဟု ဒေသခံများ ထံမှ သိရသည်။

April 4, 2026
ကရင်ပြည်နယ်အတွင်း စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်လာခြင်းနှင့် လျှပ်စစ်မီး...
Photo: CJ
April 3, 2026
မြဝတီ-ကော့ကရိတ်-ဖားအံသို့ သွားလာ၍ရသည့် တောင်ပေါ်လမ်းမတက်ခင်နေရာကို ဧပြီ ၂ ရက်နေ့တွင် စစ်အုပ်စုက...
Photo:KIC
April 2, 2026
ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့်...
April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...