ရခိုင်တွင် အမျိုးသမီးလစဉ်သုံးပစ္စည်း ရှားပါးပြီး စျေးမြင့်နေ၍ အခက်ကြုံနေကြရ

ရခိုင်တွင် အမျိုးသမီးလစဉ်သုံးပစ္စည်း ရှားပါးပြီး စျေးမြင့်နေ၍ အခက်ကြုံနေကြရ

ရခိုင်ပြည်တွင် အမျိုးသမီးလစဉ်သုံးပစ္စည်း(Pad) များ ရှားပါးမှုနှင့် ဈေးမြင့်တက်မှုများကြောင့် အမျိုးသမီးတိုင်း လစဉ်သုံးပစ္စည်းများ ရရှိရန် အခက်အခဲကြုံနေကြရသည်ဟု သတင်းရရှိသည်။

ရခိုင်တွင် မြို့သိမ်းတိုက်ပွဲများမဖြစ်မီက အမျိုးသမီးလစဉ်သုံးပစ္စည်းတစ်ထုပ်လျှင် ကျပ် ၁ ထောင် ကျော်သာရှိခဲ့ရာမှ လက်ရှိတွင် ပျဥ်းမျှ ၅၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်အကြားရှိနေသည်ဟု သိရသည်။

ယင်းသို့ စျေးမြင့်တက်နေ၍ ငွေကြေးမတတ်နိုင်သဖြင့် အဝတ်စများကိုဆုတ်ဖြဲပြီး အသုံးပြုနေရသည်ဟု ရသေ့တောင်မြို့နယ်၊ လေးခွဆုံကျေးရွာမှ အမျိုးသမီးတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

" လစဉ်သုံးကို နယ်ဖက်တွေမှာဆိုရင် အမျိုးသမီးတော်တော်များများမသုံးနိုင်ကြဘူး။ ပစ္စည်းဈေးတက်တာလည်း ပါတယ်ပေါ့နော်။ နောက်တစ်ခုက တခါတလေ ဆိုင်တွေမှာ ပစ္စည်းပြတ်သွားတာမျိုးလည်းရှိတော့ အဝတ်စကိုပဲအသုံးပြုနေကြရတယ်။ ရေရှည်သုံးရင် ကျန်းမာရေးထိခိုက်မှာကိုလည်း ကြောက်တယ်။ ဆေးကုသဖို့ကလည်း လွယ်တာ မဟုတ်ဘူး"ဟုပြောသည်။

ယင်းအပြင် ဓမ္မတာလာစဉ် တခါတရံ လစဉ်သုံးပစ္စည်းမရှိ၍ ရှေးယခင်ခေတ်များကလို အပြင်မထွက်ဘဲ မိမိအိမ်တွင်း၌သာနေကြရသည်ဟု သူက ဆက်ပြောသည်။

"ညီအစ်မတွေ မိန်းမသားချင်းရှိတဲ့အိမ်ကျ ဓမ္မတာလာလို့ အပေအကျံဖြစ်နေရင်လည်း အမျိုးသမီးအချင်းချင်းဆို လစဉ်သုံးမခံဘဲ ဒီအတိုင်းနေတဲ့အခါမျိုးရှိတယ်။ အပြင်တော့ မထွက်ဘူးပေါ့နော်။ ဒီလိုအခက်အခဲတွေရှိပါတယ်" ဟုပြောသည်။

ရခိုင်တွင် မြို့သိမ်းတိုက်ပွဲများဖြစ်ပြီးနောက် စစ်ကောင်စီက ကုန်းလမ်းနှင့်ရေလမ်းတို့ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထား၍ ကုန်ပစ္စည်းများပြတ်လပ်နေကာ စျေးနှုန်းများမြင့်တက်နေရခြင်းဖြစ်သည်။

ယင်းအထဲတွင် အမျိုးသမီးများအတွက်အရေးပါသည့် လစဉ်သုံးပစ္စည်းများလည်းပါဝင်သည်။

လက်ရှိ ရခိုင်တွင် တိုက်ပွဲများပြင်းထန်နေပြီး အလုပ်အကိုင်နှင့် ဝင်ငွေကလည်းမရှိဖြစ်နေချိန် လစဉ်သုံးပစ္စည်းဈေးမြင့်တက်ခြင်းနှင့် ရှားပါးမှုများကြောင့် ချွေတာသုံးနေရသူများရှိသလို အဝတ်စကိုသာအသုံးပြုနေရကြောင်း သိရသည်။

မြေပုံမြို့ရှိ မွတ်ဆလင်ဒုက္ခသည်စခန်း(IDP)မှ ဒေါ်မပုကလည်း အမျိုးသမီး တစ်ကိုယ်ရည်သုံး ပစ္စည်းများမရှိ၍ အဝတ်စကိုသာအသုံးပြုနေရသည်ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။

“ အမျိုးသမီးတွေမှာ တစ်ကိုယ်ရည်သုံးပစ္စည်းလိုအပ်တယ်။ အတွင်းခံကအစပေါ့နော်။ လစဉ်သုံးတွေလည်း အထောက်အပံ့မရတာကြာပြီ။ ဖြစ်သလို အဝတ်စနဲ့ပဲ အသုံးပြု နေရပါတယ်။ ဈေးနှုန်းကလည်း ကျမတို့အနေနဲ့ မတတ်နိုင်ဘူးလေ။ ဒါကြောင့် အကူအညီတွေရချင်ပါတယ်" ဟုပြောသည်။

အလားတူ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ရမ်းဗြဲစသည့် ရခိုင်မှ မြို့နယ်အများအပြားရှိ စစ်ဘေးရှောင်များနှင့် ဒုက္ခသည် မွတ်ဆလင် စခန်းများ အပါအဝင် အမျိုးသမီးအများစုတွင် လစဉ်သုံးပစ္စည်း အခက်အခဲ ဖြစ်နေကြကြောင်း သိရသည်။

လစဉ်သုံးပစ္စည်းတစ်ခုဆိုလျှင် ၅ နာရီသာ အသုံးပြုသင့်ပြီး အသစ်လဲလှယ်ပေးသင့်ကြောင်း ကျန်းမာရေး စောင့်ရှောက်ပေးနေသူများက ညွှန်ကြားထားသည်။

လစဉ်သုံးပစ္စည်းများကို အချိန်ကြာရှည်စွာအသုံးပြုပါကလည်း အမျိုးသမီးများ သားအိမ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာများ ဖြစ်လာနိုင်ကြောင်း သိရသည်။

Most read this week

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...