အာဏာသိမ်းပြီးနောက်ပိုင်း ချင်းကလေးငယ် ၇၀ ကျော်ကို စစ်ကောင်စီ သတ်ဖြတ်ခဲ့

အာဏာသိမ်းပြီးနောက်ပိုင်း ချင်းကလေးငယ် ၇၀ ကျော်ကို စစ်ကောင်စီ သတ်ဖြတ်ခဲ့

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းတွင် စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် လပိုင်းအရွယ် အပါအဝင် ချင်းကလေးငယ် ၇၃ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ – CHRO ထံမှ သိရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ မြေမြုပ်မိုင်းများ အပါအဝင် တခြားသော ပုံစံဖြင့် ကျူးလွန်မှုများကြောင့် ချင်းပြည်နယ်အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်နှင့် နိုင်ငံတဝန်းတွင် အသက် ၁၈ နှစ်အောက် ချင်းကလေးငယ် အနည်းဆုံး ၇၃ ဦးတို့ သတ်ဖြတ်ခံရမှုကို မှတ်တမ်းတင်ထားနိုင်ကြောင်း သိရသည်။

“ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ချင်းကလေးတွေ ဖမ်းဆီး သတ်ဖြတ်ခံရမှုတွေ တွေ့ရတာပေါ့နော်။ ဥပမာ မတူပီမှာဆိုရင် ပထမဆုံး ပြောလို့ရတယ်။ အသက် ၁၃ အရွယ် တစ်ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခံရတာ တွေ့ရတယ်။ နင်းမိုင်းကြောင့် သေဆုံးမှု ကလေး ရယ်၊ လက်နက်ကြီးကျည်တွေကို ကလေးတွေက ဆော့ကစားရင် သေဆုံးတာတွေလည်း တွေ့ရတယ်။ အများဆုံး သေဆုံးမှုက လေကြောင်း တိုက်ခိုက်မှုလို့ တွေ့ရတယ်” ဟု ချင်းလူ့အခွင့်အရေးအဖွဲ့မှ ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။

တချို့ကလေးငယ်များသည် ဘုရားကျောင်း၊ ဘာသာရေးအဆောက်အဦး၊ စာသင်ကျောင်းတို့ကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ရာတွင် သေဆုံးသွားခဲ့ရခြင်းဖြစ်ပြီး လက်ရှိ ချင်းပြည်နယ်က ချင်းကလေးငယ်များမှာ ပညာသင်ယူနိုင်ရေး စာသင် ကျောင်းသွားရန်ပင် ကြောက်လန့်နေမှုကို တွေ့ရှိရကြောင်း CHRO တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီ၏ ချင်းကလေးငယ်များကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်သတ်ဖြတ်မှုများကို သေချာစုံစမ်း မှတ်တမ်းပြုစုထားပြီး နိုင်ငံ တကာတရားရုံးတွင်ဖြစ်စေ၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့ (IIMM) မှဖြစ်စေ နိုင်ငံတကာ ခုံရုံးများတွင် တရားစွဲဆိုနိုင်ရေး ကြိုးစားသွားမည်ဟု သိရသည်။

စစ်ကောင်စီ၏ ချင်းပြည်သူများကို ပုံစံမျိုးစုံဖြင့် သတ်ဖြတ်မှုများကြောင့် ချင်းကလေးငယ် အများအပြားမှာလည်း မိဘမဲ့များဖြစ်နေကြကြောင်းသိရသည်။

၂၀၂၄ ဇန်နဝါရီလ ၇ ရက်က စစ်တိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့အထွက်က ချင်းလူမျိုးများ အများဆုံးနေထိုင်သည့် ကနန်ရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ကလေး ၉ ဦး အပါအဝင် အရပ်သား ၁၇ ဦး သေဆုံးခဲ့ကြောင်း၊ ကလေး သူငယ် ၁၀ ဦး အပါအဝင် အရပ်သား ၁၉ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

၂၀၂၃ နိုဝင်ဘာလက မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု၊ စက်သေနတ်ဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ကျောင်းသူ၊ ကျောင်းသားများ၏ စာကျက်ဝိုင်းကို ထိမှန်ခဲ့ရာ ကလေးငယ် ၈ ဦးအပါအဝင် ဒေသခံ ၁၁ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီသည် ချင်းပြည်နယ်အပါအဝင် နိုင်ငံတဝန်း ချင်းကလေးငယ်များကို ပုံစံမျိုးစုံဖြင့် သတ်ဖြတ်မှု ကျူးလွန်းနေကြောင်း သိရသည်။

Most read this week

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...