သံဖြူဇရပ်မှာ လူမှုကူညီရေးအသင်းဝင်ငါးဦး ဖမ်းဆီးခံရ

သံဖြူဇရပ်မှာ လူမှုကူညီရေးအသင်းဝင်ငါးဦး ဖမ်းဆီးခံရ

မွန်ပြည်နယ် သံဖြူဇရပ်မြို့အခြေစိုက်ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းဥက္ကဋ္ဌအပါအဝင် အသင်းဝင်ငါးဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ အသင်းနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ ၁၈ ရက်နေ့ ည ၉ နာရီအချိန်ခန့်မှာ အင်အား ၂၀ ကျော်ပါတဲ့ စစ်ကောင်စီ ပူး ပေါင်းတပ်ဖွဲ့ဝင်တွေဟာ သူတို့ငါးဦးကို ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းရုံးမှာ ဝင်ရောက်ဖမ်းဆီးသွားခဲ့တာပါ။

ဖမ်းဆီးခံရသူတွေထဲမှာ ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးရဲမင်းထိုက်၊ ကိုရဲနိုင်ဦး၊ ကိုဇော်ဝမ်းအပါအဝင် နောက်ထပ်အသင်းသားနှစ်ဦး ပါဝင်တယ်လို့ သိရပါတယ်။

အဲဒီ လူမှုကူညီရေးအသင်းဝင် ငါးဦးကို စစ်ကောင်စီတပ်က ဘာကြောင့်လာရောက်ဖမ်းဆီးသွားလဲဆိုတာ မသိရသေးတဲ့အတွက် ဆက်လက်စုံစမ်းနေတယ်လို့ အသင်းနဲ့နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါ တယ်။

လက်ရှိမှာတော့ သူတို့ငါးဦးကို သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာအခြေစိုက် အမှတ် ၄ တပ်မ တော်တန်းမြင့် သင်တန်းကျောင်း စစ်ကြောရေးမှာ စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေပြီး မိသားစုနဲ့အဆက်အသွယ်မရဘူးလို့ သိရပါတယ်။

အခုလို အကြောင်းပြချက် သေချာမသိရဘဲ ဖမ်းဆီးခံလိုက်ရပြီးနောက် လက်ရှိအချိန်အထိ ပြန်မလွတ်လာသေးတဲ့အတွက် မိသားစုဝင်တွေက သူတို့ရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းဟာ ၂၀၁၈ ခုနှစ်က မွန်ပြည်နယ်အစိုးရဆီမှာ အသင်းအဖွဲ့မှတ်ပုံ တင်ထားပြီး ဒေသတွင်း ထိခိုက်လူနာတွေနဲ့အရေးပေါ်လူနာတွေကို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေ ၂၉ ရက်နေ့လည်း ရေးမြို့နယ် လမိုင်းအခြေစိုက် လမိုင်းလူငယ်ပရဟိအဖွဲ့ အသင်းဥက္ကဌအပါအဝင် အသင်းဝင်ငါးဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသွားပြီးနောက် တစ်ပတ်အကြာမှ ပြန်လွတ်ပေးခဲ့တယ်လို့ သိရပါတယ်။

မွန်ပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း လူမှုကူညီရေးအသင်းဝင် မကြာခဏဆိုသလို ဖမ်းဆီးစစ်ဆေးခံနေရပြီး အဲဒီထဲမှာ သံဖြူဇရပ်နဲ့မုဒုံမြို့နယ်က လူမှုကယ်ရေးအသင်းဝင်နှစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...