ကမ္ဘာ့ထိပ်တန်းသိပ္ပံပညာရှင်များထဲမှ ထူးချွန်သူများကိုအသိအမှတ်ပြု ရွေးချယ်ချီးမြှင့်သည့် ၂၀၂၄ ခုနှစ်အတွက်"The Falling Walls Sciences Award" ဆုကို ရခိုင်လူမျိုး သိပ္ပံပညာရှင် ဒေါက်တာစောဝေလှ ချီးမြှင့်ခံရ

ကမ္ဘာ့ထိပ်တန်းသိပ္ပံပညာရှင်များထဲမှ ထူးချွန်သူများကိုအသိအမှတ်ပြု ရွေးချယ်ချီးမြှင့်သည့် ၂၀၂၄ ခုနှစ်အတွက်"The Falling Walls Sciences Award" ဆုကို ရခိုင်လူမျိုး သိပ္ပံပညာရှင် ဒေါက်တာစောဝေလှ ချီးမြှင့်ခံရ

ကမ္ဘာ့ထိပ်တန်း သိပ္ပံပညာရှင်များထဲမှထူးချွန်သူများကိုအသိအမှတ်ပြု ရွေးချယ်ချီးမြှင့်သည့် ၂၀၂၄ခုနှစ်အတွက်"The Falling Walls Sciences Award" ဆုကို သိပ္ပံပညာရှင် ပရော်ဖက်ဆာ ဒေါက်တာစောဝေလှ ချီးမြှင့်ခံရကြောင်း အိုဟိုင်းအိုးတက္ကသိုလ်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အိုဟိုင်းအိုးတက္ကသိုလ် မှ သိပ္ပံပညာရှင်ဒေါက်တာ စောဝေလှသည်ရူပဗေဒဘာသာရပ်တွင် ထူးခြား ဆန်းသစ်စွာ လုပ်ဆောင်ပြနိုင်ခဲ့သည့်အတွက် "2024 Falling Walls - Physical Sciences" ဆုရှင် အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်ဟု စက်တင်ဘာ(၁၂)ရက်က ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

၂၀၂၄ ခုနှစ်အတွက် Falling Walls Science" ဆု အတွက် "Life Sciences" ၊ "Physical Sciences" ၊ "Engineering & Technology" ၊ "Social Sciences & Humanities" ၊"Art & Science"နှင့် "Women's Impact Award" ဟူ၍ ဆုအမျိုးအစားပေါင်း(၆)ဆု ချီးမြှင့်ရာတွင်ဒေါက်တာ စောဝေလှသည် " ရူပဗေဒသိပ္ပံ"( Physical Sciences)အမျိုးအစားအတွက်ချီးမြှင့်ခံရခြင်းဖြစ်သည်။

ဆုများကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့တွင် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့၌ ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း Falling Walls ဖောင်ဒေးရှင်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဒေါက်တာစောဝေလှသည် အိုဟိုင်းယိုးတက္ကသိုလ်မှ ရူပဗေဒပါမောက္ခတစ်ဦးဖြစ်ပြီး၊ Argonne အမျိုးသားဓါတ်ခွဲခန်း မှ ရူပဗေဒပညာရှင်တစ်ဦးလည်းဖြစ်သည်။

၄င်းသည် အိုဟိုင်းယိုး တက္ကသိုလ်၏ အကြီးမားဆုံးသော သင်ကြားရေးအဖွဲ့အစည်းတစ်ခု ဖြစ်သည့် Nanoscale နှင့် Quantum Phenomena Institute ၏ ဒါရိုက်တာလည်းဖြစ်သည်။

ထို့အပြင် ပရော်ဖက်ဆာဒေါက်တာစောဝေလှ သည် ရခိုင်လူမျိုးသိပ္ပံပညာရှင် တစ်ဦးဖြစ်ပြီး ကမ္ဘာ့အတော်ဆုံး သိပ္ပံပညာရှင် (၁၀၀)ဦးတွင်တစ်ဦးအပါအ၀င်လည်းဖြစ်သည်။

ရခိုင်လူမျိုး သိပ္ပံပညာရှင် ဒေါက်တာစောဝေလှဦးဆောင်သည့်သိပ္ပံပညာရှင်အဖွဲ့က ကမ္ဘာ့ပထမဆုံး အက်တမ်တစ်လုံးချင်းစီ၏ X Ray ပုံရိပ်ကို ရယူနိုင်သည့်နည်းပညာအသစ်အား ၂၀၂၃ခုနှစ်က ရှာဖွေတွေ့ရှိခဲ့သည်။

၄င်းသည် X-ray ကိုအသုံးပြု၍ အက်တမ်တစ်လုံး၏ပုံတစ်ပုံကို ကမ္ဘာပေါ်တွင် ပထမဆုံး ဖမ်းယူနိုင်ခဲ့ပြီး၊ အံ့အားသင့်ဖွယ်ရှာဖွေတွေ့ရှိမှုကို ပထမဆုံးပြုလုပ်ပြသနိုင်ခဲ့သည့် သိပ္ပံပညာရှင်တစ်ဦးဖြစ်လာခဲ့သည်။

ဒေါက်တာစောဝေလှက"တစ်ကမ္ဘာလုံးမှာရှိကြတဲ့ ထိပ်တန်းသိပ္ပံပညာရှင်တွေကြားမှာ အခုလို ဂုဏ်ပြုခံရတာဟာ အံ့သြစိတ်လှုပ်ရှား စရာပါပဲ၊ အခုလိုအသိအမှတ်ပြုမှုဟာ အိုဟိုင်းယိုးတက္ကသိုလ် နဲ့ Argonne အမျိုးသားဓာတ်ခွဲခန်းမှာရှိကြတဲ့ ကျွန်တော်တို့ အဖွဲ့ရဲ့ စုပေါင်းကြိုးပမ်းအားထုတ်မှုနဲ့ သိပ္ပံအသိုက်အဝန်းမှ ကျွန်တော် တို့ရရှိထားတဲ့ ပံ့ပိုးကူညီမှုများကို ထင်ဟပ် စေပါတယ်။ အခုလိုအသိအမှတ်ပြုမှုအတွက် ကျေးဇူးလည်းတင်ပါတယ်”ဟု ပြောဆိုသည်။

အမေရိကန်နိုင်ငံ အိုဟိုင်းအိုတက္ကသိုလ်မှ ဒေါက်တာစောဝေလှဦးဆောင်သည့် သိပ္ပံပညာရှင်အဖွဲ့က တွေ့ရှိခဲ့မှုဖြစ်သည့် အက်တမ်တစ်လုံးချင်းစီကို ထောက်လှမ်းနိုင်မှုသည် ဆေးသုတေသန၊ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာသိပ္ပံပညာရပ်နှင့် လုံခြုံရေးဆိုင်ရာနယ်ပယ်များအတွက် များစွာအကျိုး သက်ရောက်မှုများရှိမည်ဖြစ် သည်။

ဥပမာအားဖြင့်၊ ဤနည်းပညာသည် အဏုမြူအဆင့်ရှိ ရောဂါများအကြောင်း သိရှိနားလည်မှုကို မြှင့်တင်ပေးနိုင်ရုံမျှမက လုံခြုံရေးအစီအမံများကိုလည်း မြှင့်တင်ပေးနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အရှေ့ဂျာမနီနှင့် အနောက်ဂျာမနီ ကိုပိုင်းခြားခဲ့သည့် သင်္ကေတဖြစ်သောဘာလင်တံတိုင်းကို ဂုဏ်ပြုပြီး "တံတိုင်းများပြိုလဲခြင်း" "Falling Walls" ဖောင်ဒေးရှင်းကို ၂၀၀၉ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။

သိပ္ပံပညာဆိုင်ရာ တိုးတက်မှုများကို ဂုဏ်ပြုသည့်အနေဖြင့် နိုဝင်ဘာလ (၉)ရက်နေ့တွင် ဆုများ စတင် ချီးမြှင့် ခဲ့သည်။

ယခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းရှိ အဖွဲ့အစည်း (၃၀၀)ကျော်မှ အမည်စာရင်းတင်သွင်းခံရသူ သိပ္ပံ ပညာရှင်ပေါင်း (၁၁၀၀) ကျော်ကို "Falling Walls" ဆုများအတွက် ထည့်သွင်းစဉ်းစားခဲ့သည်။

( Physical Sciences)"ရူပဗေဒသိပ္ပံ"ကဏ္ဍဆုအမျိုးအစား တွင် နောက်ဆုံးဆန်ခါတင် (၁၀)ဦးထဲမှ ဒေါက်တာ စောဝေလှ ကို ဂျူရီလူကြီးများကရွေးချယ် ခဲ့ခြင်းဖြစ်သည်။

July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...