လူမှုကွန်ယက်တွင် စစ်ကောင်စီကို ဝေဖန်မှုကြောင့် ဖမ်းဆီးခံရသူ ၁,၇၀၀ ခန့်ရှိလာ

လူမှုကွန်ယက်တွင် စစ်ကောင်စီကို ဝေဖန်မှုကြောင့် ဖမ်းဆီးခံရသူ ၁,၇၀၀ ခန့်ရှိလာ

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု သုံးနှစ်ကျော်အတွင်း လူမှုကွန်ယက်ပေါ်တွင် စစ်ကောင်စီအား ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှု၊ တော်လှန်ရေးအုပ်စုများကို ထောက်ခံအားပေးကြောင်း ရေးသားမှုနှင့် ပြောဆို ဆက်သွယ်မှုတို့ကြောင့် ဖမ်းဆီးခံရသူ ၁,၆၉၁ ဦးထိ ရှိကြောင်း Data for Myanmar က ယနေ့ထုတ်ပြန်သည်။

ဖမ်းဆီးခံရသူအများစုမှာ Facebook စာမျက်နှာပေါ်တွင် ရေးသားမှုကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး Tiktok၊ Telegram၊ Viber ပေါ်တွင် ရေးသားမျှဝေမှုကြောင့် ဖမ်းဆီးခံရခြင်းများလည်း ရှိသည်။ ပျမ်းမျှအားဖြင့် အွန်လိုင်းအသုံးပြု ၅၄ ဦးခန့် လစဉ်ဖမ်းဆီးခံနေခြင်းဖြစ်သည်ဟု Data for Myanmar က ဆိုသည်။

ရခိုင်အခြေစိုက် မြေပုံလူငယ်များအစည်းအရုံး(MYA)မှ တာဝန်ရှိသူတစ်ဦးက “စစ်ကောင်စီက အင်တာနက်ပေါ်မှာ သူတို့ကို ဝေဖန်မိတာနဲ့ ဖမ်းတယ်ဆိုတာက လူ့အခွင့်အရေးကို ပေါ်တင်ကြီး ချိုးဖောက်နေတာ။ သူတို့ကလည်း မကောင်းတာ လုပ်နေသေးတယ်။ ပြောရင်လည်း အပြစ်ယူတယ်ဆိုတာက မတရားတဲ့လုပ်ရပ်ပေါ့” ဟု ပြောသည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လကုန်အထိ မြို့နယ်ပေါင်း ၂၂၀ တွင် ဖမ်းဆီးအရေးယူမှုရှိခဲ့ပြီး ပဲခူး၊ ချမ်းမြသာစည်၊ မြောက်ဥက္ကလာပ၊ မဟာအောင်မြေနှင့် ပြည်မြို့နယ်တို့တွင် ဖမ်းဆီးခံရမှု များပြားခဲ့ကြောင်း Data for Myanmar က ထုတ်ပြန်ထားသည်။   

၂၀၂၂ ခုနှစ်တွင် ဖမ်းဆီးခံရသူ ၈၇၄ ဦး၊ ၂၀၂၃ ခုနှစ်တွင် ၆၁၅ ဦး၊ ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်အထိ ၂၀၂ ဦး ဖမ်းဆီး ခံခဲ့ရပြီး အများစုမှာ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းမှ အွန်လိုင်းအသုံးပြုသူများဖြစ်ကာ စုစုပေါင်း ဖမ်းဆီးခံရသူ ၈၀၆ ဦး ရှိသည်။

“ဒီပြဿနာတွေဖြစ်ပေါ်လာရတဲ့ အရင်းအမြစ်ကိုကြည့်ရင် စစ်အုပ်စုရဲ့အာဏာသိမ်းဖို့ ကြိုးစားမှုနဲ့ လူသားမဆန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အရပ်သားပြည်သူတွေကို ဦးတည် တိုက်ခိုက်နေတာတွေနဲ့ အာဏာတည်မြဲဖို့ကိုပဲ ဦးတည်လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေကြောင့် ဖြစ်တယ်။ ဒါတွေကို ဖြေရှင်းနိုင်ဖို့ဆိုရင် စစ်အုပ်စုအပြင် အာဏာရှင်မှန်သမျှ အမြစ်ပြတ်ဖို့လိုတယ်” ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ အထွေထွေအတွင်းရေးမှူး နော်ခင်စန်းထွေးက DMG ကို ပြောဆိုထားသည်။

၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တွင် ဖမ်းဆီးခံရမှု သိသိသာသာမြင့်တက်ခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင် ဖမ်းဆီးမှုများ လျော့ကျလာကြောင်း Data for Myanmar က ဆိုထားသည်။  

လူမှုကွန်ယက်မှတဆင့် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ပါက အကြမ်းဖျက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးပုဒ်မ ၃၃(က)တို့ဖြင့် အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။  

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်ထိ ဖမ်းဆီးခံခဲ့ရသူ ၂၇,၃၇၆ ဦးရှိပြီး ယင်းအထဲမှ ၂၀,၈၈၈ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ၉,၃၉၈ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ထုတ်ပြန်ထားသည်။

Most read this week

January 31, 2026
မောင်တောမြို့နယ်တောင်ပိုင်း မေယုတောင်ကြောထဲတွင် ယခုရက်ပိုင်းအတွင်း ARSA...
ဘင်္ဂလားဒေ့ရှ်နယ်စပ်ပင်လယ်ပြင် လုံခြုံရေးကင်းလှည့်နေသည့် AA တပ်သားများကို ယခုလအတွင်းတွေ့ရ စဉ်။ Photo - Hein Tun/ABN
January 30, 2026
ရခိုင်ပြည်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တကြောတွင် ရေပိုင်နက် လုံခြုံရေးလုပ်ငန်းများကို...
January 29, 2026
ရခိုင်ပြည်တွင်း ထုတ်ကုန်တစ်ခုဖြစ်သော ဆားလုပ်ငန်းမှာ ဈေးကွက် အာမခံချက် မရှိခြင်း၊...
January 28, 2026
စစ်ရေးပဋိပက္ခကြားက ကလေးငယ်များအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကုစားပေးမှု၊...