မြစ်ဆုံလမ်းပေါ်က ဆယ်မိုင်ကျေးရွာအတွင်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်နေ

မြစ်ဆုံလမ်းပေါ်က ဆယ်မိုင်ကျေးရွာအတွင်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ်၊ ဆယ်မိုင်ကျေးရွာအတွင်း ဒီကနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

တုန်ဖုန်းကားနှစ်စီးနဲ့ စစ်ကောင်စီတပ်သား အယောက် ၃၀ လောက်ဟာ ရွာအတွင်း ရုတ်တရက်ဝင်ရောက်လာပြီး ကျေးရွာအထက်တန်းကျောင်းနဲ့ လမ်းတစ်လျှောက်က ဆိုင်တွေမှာ နေရာခွဲပြီး နေထိုင်နေကြတယ်လို့ မြစ်ကြီးနားဒေသခံ ပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“ကျောင်းရော၊ လမ်းတစ်လျှောက် ဆိုင်တွေမှာ ဝင်နေကြတာ။ ဘယ်ကဝင်လာလဲတော့ မသိဘူးပြောတယ်။“လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့ မနက်ပိုင်းလောက်ကလည်း ဆယ်မိုင်ကျေးရွာ အထက်ဘက်ကနေ တုန်ဖုန်းကားကြီးနဲ့ ဆင်းလာတဲ့ စစ်ကောင်စီတပ်သား အင်အား ၃၀ ထက်မနည်းဟာ မြစ်ကြီးနား-မြစ်ဆုံတန်ဖရဲ လမ်းပေါ်မှာရှိတဲ့ ဆယ်မိုင်ကျေးရွာအတွင်းက အထက်တန်းစာသင်ကျောင်း၊ ကက်သလစ်ဘုရားကျောင်းဝင်းနဲ့ ကျေးလက်ဆေးပေးခန်းအပြင် ဂျော်ဘွမ်ဆုတောင်းတောင်လမ်း ရပ်ကွက်(၅)ဘက်က လူမရှိတဲ့ နေအိမ်တွေမှာ ဝင်ရောက်တပ်စွဲခဲ့ပါတယ်။

ဩဂုတ်လ ၄ ရက်နေ့ မနက်မှာ အဲဒီ စစ်ကောင်စီတပ်သားတွေအားလုံး ရွာအတွင်းကနေ ပြန်လည်ထွက်ခွာသွားပြီးနောက်ပိုင်း ဒီကနေ့ စက်တင်ဘာလ ၁၁ ရက်နေ့မှာ ဒုတိယအကြိမ်ပြန်လည် ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။

“ဒေသခံတွေတော့ အရမ်းကြောက်နေကြတယ် ကြားတယ်။ သူတို့ နောက်တစ်ခေါက် ပြန်ဝင်လာကြတော့ စိုးရိမ်နေကြရတာပေါ့။“လို့ အထက်ပါ မြစ်ကြီးနားဒေသခံက ဆိုပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်သားတွေ ကားလေးစီးနဲ့ ဂျော်ဘွမ်ဆုတောင်းတောင်အတွင်း လှည့်လည်သွားလာတာ ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပြီး ဘာအကြောင်းကြောင့် အခုလို ဝင်ရောက်လာတာလဲဆိုတာတော့ တိတိကျကျမသိရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ မြစ်ကြီးနားမြို့အပြင် ကချင်တစ်ပြည်နယ်လုံး ဖုန်းနဲ့ အင်တာနက်ဖြတ်တောက်ထားတာ ရက် ၅၀ ကျော် ရှိနေပြီဖြစ်ပြီး အဲဒီအချိန်မှာပဲ မြစ်ဆုံအထက်ဘက် တီယန်ဇွပ်ကျေးရွာက စစ်ကောင်စီရဲ့ တပ်စခန်းသုံးခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ဩဂုတ်လ ၂ ရက်နေ့မှာ သိမ်းပိုက်ထားတာပါ။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...