ရေကြီး၍ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ယာယီပိတ်ထား

ရေကြီး၍ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ယာယီပိတ်ထား

သောင်ရင်းမြစ် ရေကြီးရေလျှံနေသည့်အတွက် မြဝတီမြို့ရှိ ထိုင်း-မြန်မာ အမှတ်-၁ ချစ်ကြည်ရေးတံတားအား ဖြတ်သန်းသွားလာခွင့် ယာယီ ပိတ်ထားလိုက်သည်ဟု မြဝတီမြို့ခံများက ပြောသည်။

ယနေ့ နံနက်ပိုင်းမှစ၍ မြဝတီမြို့ထဲသို့ သောင်ရင်းမြစ်ရေများ ဝင်လာပြီး မြို့တွင်းတံတားထိပ် ရေနစ်မြှုပ်သွားခဲ့ သလို ထိုင်းနိုင်ငံဘက်ခြမ်းရှိ မဲဆောက်မြို့ တံတားထိပ်တွင်လည်း ရေနစ်မြှုပ်သွားခဲ့ပြီး တံတားဖြတ်သန်းသွားလာ ခွင့်ကို ယခုလို ပိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျမတို့က မဲဆောက်ဘက်လာနေတာ တစ်ပတ်စာလက်မှတ်နဲ့လာတာ။ အခုရေကြီးတော့ လက်မှတ်ပြန်လဲလို့ မရတော့ဘူး။ ရေက တဖြည်းဖြည်းတက်တော့ တံတားထိပ် နှစ်ဖက်စလုံးရေမြှုပ်သွားတယ်”ဟု မြဝတီမြို့ခံ တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

မြဝတီမြို့တွင် မိုးကြီးပြီး သောင်ရင်းမြစ် ရေလျှံသည့်အတွက် မြို့မြေနိမ့်ပိုင်း ရပ်ကွက်အများအပြားရှိ လူနေအိမ် များ ရေနစ်မြှုပ်သွားပြီး မြို့အမြင့်ပိုင်းရှိ ဘုန်းကြီးကျောင်းများ၌ ကယ်ဆယ်ရေး စခန်းများဖွင့်လှစ် ပေးထားရသည် ဟု မြို့ခံများထံမှ သိရသည်။

လက်ရှိ သောင်ရင်းမြစ်ရေသည် ဆက်မြင့်တက်နေဆဲ ဖြစ်ကာ မြစ်ဘေးတလျှောက် ကျေးရွာ အများအပြား ရေကြီးမှုများ ကြုံတွေ့နေရကြောင်း သိရသည်။

အလားတူ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်တို့တွင်လည်း မိုးများပြီး တောင်ကျချောင်းရေကြောင့် ကျေးရွာအများအပြား ရေကြီးမှု ကြုံတွေ့ရလျက်ရှိသည်။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် မိုးလေဝသ သတိပေးထုတ်ပြန်ထားချက်အရ စက်တင်ဘာ ၁၁ မှ စ၍ ၇၂ နာရီ အတွင်း မြစ်ရေ ၃ ဆ ပိုမို တက်လာနိုင်သည့်အတွက် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အမြင့်နေရာသို့ ပြောင်းရွှေ့ နေထိုင်ကြရန် သတိပေးချက် ထုတ်ပြန်ထားသည်။

ယနေ့မွန်းလွဲပိုင်း  မိုးလေဝသဇလဗေဒ ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ၂၄ နာရီအတွင်း သောင်ရင်းမြစ်ရေသည် ၂ ပေခန့်ဆက်လက်မြင့်တက်လာနိုင်သလို သံလွင်မြစ်ရေသည်လည်း ၁ ပေခွဲခန့် အထိ ဆက်လက်မြင့် တက်လာ နိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းအတွင်းက မြဝတီမြို့တွင်ရေကြီးမှု ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများ ကြုံတွေ့ခဲ့ရသေး သည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...