ဗိုလ်မှူးချုပ်စောကျော်သက်နှင့် တပ်ဖွဲ့ဝင် ၃၀၀ ကျော် DKBA နှင့် ပြန်လည်ပူးပေါင်း

ဗိုလ်မှူးချုပ်စောကျော်သက်နှင့် တပ်ဖွဲ့ဝင် ၃၀၀ ကျော် DKBA နှင့် ပြန်လည်ပူးပေါင်း

စစ်တပ်ကို တိုက်ခိုက်နေသည့် ဗိုလ်မှူးချုပ်စောကျော်သက်နှင့် တပ်ဖွဲ့ဝင် အင်အား ၃၀၀ ကျော်သည် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) နှင့် ပြန်လည်ပူးပေါင်းလိုက်သည်။

ယခင်တပ်မှူးဟောင်းတစ်ဦး ဖြစ်သည့် ဗိုလ်မှူးချုပ်စောကျော်သက် အပါအဝင် တပ်ဖွဲ့ဝင်အင်အား ၃၅၀ ဦးကို တပ်ဖွဲ့ဝင်များအဖြစ် ပြန်လည်လက်ခံလိုက်ပြီး အမှတ် (၃) စစ်ကွပ်ကဲရေး၏ စစ်ကွပ်ကဲမှူး တာဝန်ခံအဖြစ် ခန့်အပ်လိုက်ကြောင်း DKBA ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) က ဇူလိုင်လ ၃၁ ရက်နေ့တွင် ထုတ်ပြန် ထားသည်။

ဗိုလ်မှူးချုပ်စောကျော်သက်က “ဒီနေ့ပဲ အသိပေး တရားဝင် ထုတ်ပြန်လာတာ ဖြစ်တယ်။ အရင်က ကျနော်တို့က သီးသန့်တပ်အနေနဲ့ ရပ်တည်တယ်လို့ ပြောလို့ရတယ်။ လက်ရှိအချိန်မှာ အင်အားတစ်ခုဖြစ်အောင် ကိုယ့်တပ်ဖွဲ့ နဲ့ ပြန်လည်ပူးပေါင်းလိုက်တာပါပဲ၊ တစ်ခြားတော့ မရှိပါဘူး” ဟု ကေအိုင်စီသို့ အတည်ပြု ပြောသည်။

ဗိုလ်မှူးချုပ်စောကျော်သက်သည် အာရှလမ်းမကြီး တိုက်ပွဲတွင် စစ်အုပ်စုကို အနီးကပ်တိုက်ခိုက်ခဲ့သည့် ကျားဖြူ စစ်ကြောင်းမှူး တာဝန်ကို ယူခဲ့ဖူးသူတစ်ဦး ဖြစ်သည်။

သူသည် ယခင်က DKBA ၏ ကလိုထူးဝါးစစ်ကွပ်ကဲရေးတွင် စစ်ကွပ်ကဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

ထိုစဉ်က အာရှလမ်းမကြီးအနီး မြန်မာစစ်တပ်နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းကြောင့် ယခင် စစ်ဦးစီး ချုပ် ဗိုလ်ချုပ်စောလားပွယ်က ၎င်းအား ၂၀၁၅ ခုနှစ်တွင် DKBA အဖွဲ့မှ အပြီးအပိုင် ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ၎င်းတို့တပ်ဖွဲ့ဝင်များသည် ခွဲထွက် DKBA အဖြစ် သီးသန့်ရပ်တည်ခဲ့ပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်းတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၆) နှင့် တော်လှန် ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့်အတူ စစ်အုပ်စုကို တစ်ထောင့်တစ်နေရာမှ ပါဝင်တိုက်ခိုက်ခဲ့ကြသည်။

 

CJ (ကျုံဒိုး-ကော့ကရိတ်လမ်း ပုံဟောင်း)
September 11, 2026
ကရင်ပြည်၊ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းတစ်လျှောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့ နေရာများတွင် အခိုင်အမာ...
September 11, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်သည့် ကော်သူးလေ (ကရင်ပြည်) နယ်မြေများအတွင်း ၂၀၂၄ ခုနှစ်၊...
September 10, 2026
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများသို့ ယခု စက်တင်ဘာလအတွင်း စစ်အုပ်စုတပ်က...
September 10, 2026
ကရင်ပြည်၊ မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုလ်မှ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ဆောင်သူ...