ဆောင်းဦးပေါက် (သို့မဟုတ်) ပွင့်လင်းရာသီရောက်ပြီဆိုလျှင် ကရင်ပြည်၊ ဒေါနတောင်တန်းအရှေ့ခြမ်းရှိ အထင် ကရတောင်တစ်ခု ဖြစ်သော မုလအိတောင်သည် ဘုရားဖူးများနှင့် ခရီးသွားဧည့်သည်များဖြင့် စည်ကား လေ့ရှိ သည်။
ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၆,၀၀၀ ကျော်တွင် တည်ရှိပြီး မိုးစက်ပေါက်များနှင့် မြူခိုးဝေဆာသည့် စိမ်းလန်းသော တောင်ကုန်းတောင်တန်းတို့၏ အလှတရားကြောင့် ပြည်တွင်းပြည်ပ ခရီးသွားများ စိတ်ဝင်တစား နှစ်စဉ်လာရောက်လည်ပတ်ကြသည့် နေရာတစ်ခုလည်း ဖြစ်သည်။
နိုင်ငံရေးအခြေအနေ ကောင်းမွန်ပြီး နယ်မြေတည်ငြိမ်အေးချမ်းပါက ထိုဒေသမှာ ခရီးသွားလာရေး လုပ်ငန်း အတွက် အလားအလာ အကောင်းဆုံး ပြယုဂ်တစ်ခု ဖြစ်လာနိုင်သည်။
သို့သော် ၂၀၂၅ ခုနှစ်မှစတင်၍ ထိုသဘာဝ အလှတရားများနှင့် ဓမ္မရိပ်ကွန်းခိုရာ မုလအိတောင်တော်၏ တောင်ခြေတောင်တန်းများဆီသို့ ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်အရိပ်မည်းကြီးတစ်ခု တိတ်တဆိတ် ဝင်ရောက် နေရာယူလာခဲ့သည်။

Caption :ကရင်ပြည်၊ ဒေါနတောင်တန်းအရှေ့ခြမ်းရှိ အထင် ကရတောင်တစ်ခုဖြစ်သော မုလအိတောင်
၎င်းမှာ အခြားမဟုတ်ဘဲ တရားမဝင်သည့် နိုင်ငံတကာနယ်စပ်ဖြတ်ကျော် ရာဇဝတ်လုပ်ငန်းဖြစ်သော ‘ကျားဖြန့်’ အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများပင် ဖြစ်သည်။
တောနက်ထဲက ဥပဒေမဲ့ဇုန်နှင့် အသွင်သစ် ကျားဖြန့်စခန်းများ
ယခင်က မြဝတီနှင့် ရွှေကုက္ကိုလ်ကဲ့သို့ နယ်စပ်မြို့များအနီးတွင် မီးထိန်ထိန်လင်းသည့် ကာစီနို အဆောက်အအုံ ကြီးများဖြင့် ပေါ်ပေါ်ထင်ထင် လုပ်ကိုင်ခဲ့ကြသော ကျားဖြန့်ဂိုဏ်းများသည် နိုင်ငံတကာဖိအားများနှင့် နယ်စပ် ဖြတ်ကျော်သည့် လျှပ်စစ်မီးနှင့် အင်တာနက်လိုင်း ဖြတ်တောက်မှုများကြောင့် ယခုအခါ ဝေးလံခေါင်သီသည့် တောတောင်များထဲသို့ နည်းလမ်းပေါင်းစုံဖြင့် ပြောင်းရွှေ့ကာ အခြေစိုက်လာကြသည်။
မုလအိတောင်ခြေ ဝန်းကျင်တွင်ပင် ကျားဖြန့်ဆိုက် (Scam Site) အနည်းဆုံး သုံးခုခန့် ရှိနေကြောင်း ဒေသခံများ က အခိုင်အမာ ပြောဆိုကြသည်။
ထို့ပြင် စစ်အုပ်စုနှင့် အပစ်ရပ်ထားသော ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော် (DKBA) ဌာနချုပ်အနီးရှိ ဝါးမီထကျေးရွာနှင့် မလှမ်းမကမ်းတွင်လည်း ကျားဖြန့်ဆိုက် သုံးခု ထက် မနည်း တည်ရှိနေပြီး ဌာနချုပ်ဝန်းကျင်တွင် ထပ်မံတိုးချဲ့မည့် လက္ခဏာများကိုလည်း အထင်းသား တွေ့မြင်ရ သည်။
ထူးခြားသည်မှာ ယခုပြောင်းရွှေ့လာသည့် ကျားဖြန့်စခန်းများသည် ယခင်ကဲ့သို့ အုတ်တိုက် အဆောက်အအုံ အခိုင်အမာဖြင့် ဆောက်လုပ်ထားခြင်းမျိုး မဟုတ်တော့ဘဲ စစ်ရေးပဋိပက္ခ ဖြစ်ပွားပါက သို့မဟုတ် ဖိအားပေး ခံရပါက လွယ်လင့်တကူ ပြောင်းရွှေ့နိုင်ရန်အတွက် ကွန်တိန်နာအအေးခန်းများ၊ ယာယီတဲများဖြင့်သာ စနစ် တကျ အကွက်ချ တည်ဆောက်လာကြခြင်း ဖြစ်သည်။
ကျားဖြန့်ဆိုက်ကို အတည်ပြုနိုင်သည့် သက်သေများနှင့် မှောင်ခိုစီးပွားရေး
ဖုန်းလိုင်းပင် မရှိသည့် ဒေါနတောင်တန်းတောနက်ထဲတွင် ကျားဖြန့်စခန်းများ ရှိ၊ မရှိကို မြေပြင်မျက်မြင် သက် သေများနှင့် အချက်အလက်အချို့က အခိုင်အမာ အတည်ပြုပေးနေသည်။
ပထမဆုံးအချက်မှာ အဆိုပါစခန်းများရှိရာ နယ်မြေများတွင် လုံခြုံရေး အလွန်တင်းကြပ်ထားပြီး ခရီးသွား လာသူများကို စစ်ဆေးမေးမြန်းမှုများ တင်းတင်းကျပ်ကျပ် ပြုလုပ်ခြင်း ဖြစ်သည်။
ထို့ပြင် တရုတ်စာလုံးပါသည့် လက်မောင်းတံဆိပ်များနှင့် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင် လုံခြုံရေးများ ရှိနေခြင်း၊ သွပ်ပြားဖြူများဖြင့် ပတ်ပတ်လည် ခြံဝန်းခတ်ကာ အပြင်လူမမြင်နိုင်ရန် ပိတ်ပင် တားဆီးထားခြင်းနှင့် တရုတ်နိုင်ငံသား အများအပြား သွားလာလှုပ်ရှားနေခြင်းတို့က ၎င်းနေရာများသည် အွန်လိုင်း ငွေကြေးလိမ်လည်စခန်းများ ဖြစ်ကြောင်း သက်သေပြနေသည်။
ဒုတိယအချက်မှာ ကျားဖြန့်စခန်းများကြောင့် အနီးအနားရှိ ကျေးရွာများတွင် စားသောက်ဆိုင်များ၊ အဝတ် အထည်ဆိုင်များ၊ ဆေးဆိုင်များနှင့် အလှပြင်ဆိုင်များ ရုတ်တရက် ပိုမိုစည်ကားလာခြင်း ဖြစ်သည်။
သို့သော် ထိုဆိုင်များသည် ဒေသခံလူထုအတွက် ရောင်းချပေးနေခြင်း မဟုတ်ဘဲ တရုတ်လုပ်ငန်းဆိုက်များမှ ဝယ်သူများအတွက်သာ ရောင်းချနေကြခြင်း ဖြစ်သည်။
အထူးသဖြင့် ကျားဖြန့်စခန်းများနှင့် တွဲဖက်ပါလာသည့် ပြည့်တန်ဆာလုပ်ငန်းများကို အကျိုးပြုရန် ဖွင့်လှစ်ထား သည့် အလှပြင်ဆိုင်များကိုလည်း တွေ့မြင်ရသည်။
Caption: မုလအိတောင်ခြေဒေသကို သွားသည့် ထိုင်း-မြန်မာ နယ်စပ်ဂိတ်ပေါက်ငယ်တစ်ခု
နောက်ကွယ်က အကျိုးပြုသူများနှင့် နယ်စပ်ဖြတ်ကျော် ကွင်းဆက်
ယခုကဲ့သို့ ဝေးလံခေါင်သီပြီး အုပ်ချုပ်မှုစနစ် ရောယှက်အားနည်းနေသည့် ဒေါနအရှေ့ခြမ်း တောတောင်များထဲ တွင် ရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေသည့် ကျားဖြန့်စခန်းများ ရေရှည်ရှင်သန်နိုင်ရန် နောက်ကွယ်မှ ပံ့ပိုးပေးနေ သည့် အကျိုးပြုကွင်းဆက်များစွာ ရှိနေသည်။
အဓိက အကာအကွယ်ပေးထားသူမှာ DKBA အဖွဲ့ ဖြစ်သည်။
DKBA ၏ အဆင့်ဆင့်သော အရာရှိနှင့် ခေါင်းဆောင်ပိုင်းအချို့သည် ၎င်းတို့ထိန်းချုပ်ရာ နယ်မြေများကို ကျားဖြန့် ဂိုဏ်းများအား ငှားရမ်းကာ လိုင်းကြေးနှင့် အကျိုးအမြတ်များကို ရယူထားကြောင်း စုံစမ်းသိရှိရသည်။
ထို့ပြင် ကျားဖြန့်အဆောက်အအုံများ ပေါ်ပေါက်ရန် လိုအပ်သည့် ဆောက်လုပ်ရေးသုံးပစ္စည်းများနှင့် ယာဉ် ယန္တရားစက်များကို အိမ်နီးချင်း ထိုင်းနိုင်ငံမှတစ်ဆင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ဆောက်လုပ်ရေးသုံးပစ္စည်း အရောင်းဆိုင်ကြီးများမှ မှာယူကြပြီး ထိုင်းမော်တော် ယာဉ်လိုင်စင် နံပါတ်ပြား တပ်ဆင်ထားသည့် ကုမ္ပဏီတံဆိပ်ပါ ကားကြီးများကိုပါ မြေပြင်၌ တွင်တွင်ကျယ် ကျယ် အသုံးပြုနေကြသည်။
ဂြိုဟ်တုအင်တာနက် (Starlink) နှင့် စွမ်းအင်ရရှိသည့် လမ်းကြောင်းများ
အွန်လိုင်းငွေလိမ် လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ကမ္ဘာတစ်ဝှမ်းကို ချိတ်ဆက်နိုင်မည့် အင်တာနက်လိုင်းများ သည် အဓိကအသက်သွေးကြော ဖြစ်သည်။
ယခုလက်ရှိ ကျားဖြန့်ဆိုက်များ တည်ရှိရာနေရာသည် နယ်စပ်နှင့် အလွန်အလှမ်းကွာဝေးသော တောနက်အတွင်း ဖြစ်နေသလို ဖုန်းလိုင်းနှစ်မျိုးစလုံး အသုံးပြု၍ မရနိုင်သောကြောင့်
အီလွန်မတ်စ် (Elon Musk) ၏ Starlink ဂြိုဟ်တု အင်တာနက် ကို အဓိကထား အသုံးပြုလာကြသည်။
အဆိုပါ Starlink စလောင်းပြားများကို နယ်စပ်လမ်းကြောင်းများနှင့် မြဝတီဘက်မှတစ်ဆင့် မှောင်ခို ဈေးကွက် စနစ်ဖြင့် မှာယူတင်သွင်းနေကြသည်။
ထို့ပြင် ကျားဖြန့်စခန်းများ ၂၄ နာရီ လုပ်ငန်းလည်ပတ်နိုင်ရန် လောင်စာဆီကို ဂါလံသောင်းချီ၍ သိုလောင်ကာ မီးစက်ကြီးများဖြင့် လျှပ်စစ်မီးပေးရန် အသုံးပြုနေကြပြီး လိုအပ်သော လောင်စာဆီများကို ထိုင်းနှင့် မြန်မာ ဘက်ခြမ်း နှစ်ဖက်စလုံးမှ မှာယူရရှိနေကြကာ ကြီးမားသည့် ဆိုလာစနစ်များကိုလည်း တပ်ဆင်ထားကြသည်။
ယခင်က ခြောက်ကပ်နေသည့် ဆုံဆည်းမြိုင်ကျေးရွာကို ယခုလ ပြန်လည် စည်းကားလာပုံ
လူကုန်ကူးမှု၊ ငွေလိမ်မှုနှင့် အကျည်းတန်သည့် ဒေါနမြေ
လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေသည့် နယ်စပ်တရားမဝင် လမ်းကြောင်းများကြောင့် ထိုင်းနိုင်ငံ ဘက်မှတစ်ဆင့် နိုင်ငံခြားသားအမြောက်အမြားသည် တောနက်တွင်းစခန်းများဆီသို့ ရောက်ရှိလာကြသည်။
နောက်ဆက်တွဲအနေဖြင့် နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု၊ အတင်းအဓမ္မစေခိုင်းမှုနှင့် ညှင်းပမ်းနှိပ်စက်မှု စသည့် ဆိုးရွားသော ရာဇဝတ်မှုများ ဆက်လက် ဖြစ်ပွားနေရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့က ထိုင်းနိုင်ငံအခြေစိုက် လူကုန်ကူးခံရသူများ ကူညီရေး လူမှုအဖွဲ့အစည်းကွန်ရက် (CS-NHTV) ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံနယ်စပ်က ကျားဖြန့်လုပ်ငန်းများတွင် ပိတ်မိနေသူ ၅,၃၀၀ ကျော် အထိ ရှိနေသေးသည်။
ယခင်က ကျားဖြန့်လုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်ခဲ့သည့် မြဝတီမြောက်ပိုင်း၊ လက်ရှိ ကရင်အမျိုးသား တပ်မတော် (KNA) နယ်မြေ ရွှေကုက္ကိုလ်မြို့သည်ပင် ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတကာ၏ ဖိအားပေးမှုများကြောင့် စစ်တပ်က ဟန်ပြစီးနင်း ဖြိုခွဲမှုများ ပြုလုပ်ခဲ့သည်။
အလားတူ KK Park နေရာကိုလည်း စစ်တပ်နှင့် BGF တို့က ဟန်ပြစီးနင်းခဲ့သလို DKBA အကာအကွယ်ပေးထား သည့် ဖလူး-မင်းလက်ပံရွာဘက်က ကျားဖြန့်ဆိုက်ကိုလည်း KNLA က ဝင်ရောက်စီးနင်းခဲ့သည်။
ဝါးမီထ ကျေးရွာအနီးက ကျားဖြန့်ဆိုက်တစ်ခုကို မြင်တွေ့ရစဉ်။
အဆိုပါ ဝင်ရောက်စီးနင်းမှုများကြောင့် ကျားဖြန့်လုပ်ငန်း ဦးဆောင်လည်ပတ်သူများသည် တောတောင်များ အတွင်းသို့ ပြောင်းရွှေ့ခဲ့ကြရာ ရွှေကုက္ကိုလ်ဘက်မှ လုပ်ငန်းအများစုသည် ပိုက်ကျုံမြို့နယ်၊ သေ့ကတေကျေးရွာ ဘက်သို့ ပြောင်းရွှေ့သွားပြီး KK Park နှင့် မင်းလက်ပံမှ လုပ်ငန်းများမှာမူ ဘုရားသုံးဆူမြို့အနီးရှိ ကြိမ်ချောင်း ကျေးရွာဘက်နှင့် DKBA ဌာနချုပ်တည်ရှိရာ ဆုံဆည်းမြိုင်တစ်ဝိုက်တွင် ဆက်လက် လည်ပတ်လုပ်ကိုင်နေကြ သည်။
တစ်ချိန်က မြူခိုးဝေဆာပြီး သန့်ရှင်းစင်ကြယ်လှသည့် ဒေါနတောင်တန်းအရှေ့ခြမ်းနှင့် မုလအိတောင်ခြေသည် ယခုအခါ ကမ္ဘာလုံးဆိုင်ရာ အွန်လိုင်းငွေကြေးလိမ်လည်မှုဂိုဏ်းများနှင့် လက်နက်ကိုင်ခေါင်းဆောင်အချို့၏ ကိုယ်ကျိုးရှာမှုများအောက်တွင် အရုပ်ဆိုးအကျည်းတန်စွာ အသွင်ပြောင်းလဲနေရပြီ ဖြစ်သည်။
သို့သော် ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်အွန်လိုင်းလုပ်ငန်းများကို ထိုင်းနှင့် တရုတ်နိုင်ငံတို့က ပူးပေါင်းနှိမ်နင်း သွားရန် သဘောတူခဲ့ကြကြောင်း ထိုင်းသတင်းမီဒီယာများက ဖော်ပြနေကြသည့်အလျောက် ၎င်းတို့၏ ဆောင် ရွက်ချက်များ လက်တွေ့ထိရောက်မှု ရှိမရှိကို ဆက်လက် စောင့်ကြည့်လေ့လာရမည် ဖြစ်သည်။
Nicky ရေးသည်.....







