လားရှိုးမြို့ကို စစ်တပ်ကလေကြောင်းနဲ့ထပ်မံဗုံးကြဲ အရပ်သားထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ဆို

လားရှိုးမြို့ကို စစ်တပ်ကလေကြောင်းနဲ့ထပ်မံဗုံးကြဲ အရပ်သားထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ဆို

ရှမ်းမြောက် လားရှိုးမြို့ကို စစ်တပ်က ဒီမနက် ၁၀ နာရီဝန်းကျင်မှာ လေကြောင်းနဲ့ ထပ်မံဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ဒေသခံတွေ ပြောပါတယ်။

စက်တင်ဘာ ၉ ရက် ဒီနေ့မနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင် လားရှိုးမြို့ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ဗျူဟာလမ်းအောက်ဖက်ကို  ၂ နေရာကို လေကြောင်းနဲ့ဗုံးကြဲသွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦး KNG ကို ခုလိုပြောပါတယ်။

“အရေးပေါ်အခြေအနေဖြစ်နေပါတယ် လူထိခိုက်မှုတော့ရှိတယ်။အတိအကျတော့မသိရသေးပါဘူး။ ဒီမနက် ၁၀ ခွဲလောက်မှာ ဗုံး ၂ လုံထပ်ကြဲသွားတယ်။”လို့ လားရှိုးမြို့ဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။

လားရှိုးမြို့ကို စစ်တပ်ဘက်က ဩဂုတ်လ ၃၀ ရက်နေ့ လားရှိုးမြို့ပေါ် နေရာ ၂ နေရာ၊ စက်တင်ဘာ ၈ ရက်  မြို့တွင်း Siver Sky Hotel အနီးပတ်ဝန်းကျင်၊ စက်တင်ဘာလ ၉ ရက်နေ့ ဒီမနက် ၂ နေရာမှာ လေကြောင်းနဲ့ ဗုံးကြဲသွားတာကြောင့်  ဒီရက်ပိုင်း လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ရှိနေတာလည်းဖြစ်ပါတယ်။

လားရှိုးမြို့ကို ကိုးကန့် MNDAA ဘက်က အလုံးစုံတိုက်ခိုက်သိမ်းပိုက်လိုက်ပြီး တိုက်ပွဲတွေငြိမ်သက်သွားပေမယ့် စစ်တပ်က အခုလို လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲနေသေးတာကြောင့် ဒေသခံအားလုံး လေကြောင်းအန္တရယ်ပိုမိုစိုးရိမ်နေကြရတယ်လို့ လားရှိုးဒေသခံအမျိုးသမီး တစ်ဦးကလည်း အခုလိုပြောပါတယ်။

“လောလောဆယ်က လေကြောင်းအန္တရာယ်ကို စိုးရိမ်ပြီး အဓိကသတိထား နေနေရသေးတာပေါ့။ ကျမတို့လည်း ပြီးခဲ့တဲ့အပတ်ကပဲ စစ်ရှောင်ကနေ နေရပ်ပြန်လာနေကြတာဖြစ်တယ်။ အခုဒီလို လေယာဉ်နဲ့ထပ်မံ ဗုံးကြဲနေတော့ ထပ်ထွက်ပြေးတိမ်းရှောင်ရမလား တွေးပူနေတယ်။ ဒီအခြေအနေပဲ ဆက်တိုက်ဗုံးကြဲနေရင်တော့ ထပ်ထွက်ပြေးတိမ်းရှောင်ရမှာပဲ။” လို့ လားရှိုးဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့ကစပြီး လားရှိုးမြို့အလုံးစုံကို ကိုးကန့် MNDAA ဘက်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် တိုက်ပွဲငြိမ်သက်သွားတာ ၁ လကြာမြှင့်တဲ့အထိ ဒေသခံပြည်သူတွေဟာ လေကြောင်းအန္တရာယ်ကို ဆက်လက်စိုးရိမ်နေရဆဲဖြစ်ကာ အတည်အကျနေရပ်ပြန် နေထိုင်နိုင်ဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။

တစ်ဖက်မှာ ကိုးကန့် MNDAA ဘက်ကလည်း လားရှိုးမြို့မှာ အုပ်ချူပ်ရေးယန္တရားတွေအားလုံး မစတင်နိုင်သေးသလို မြို့တွင်း UWSA ၀ တပ်ဖွဲ့နဲ့ အတူယှဉ်တွဲ သွားလာလှုပ်ရှားနေကြောင်း ဒေသခံတွေပြောပါတယ်။

စစ်ကောင်စီဟာ လက်ရှိ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားပြီး အုပ်ချူပ်ရေးယန္တရားတွေ စတင်နေပြီဖြစ်တဲ့ နမ့်ခမ်း၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ဆန်၊ လားရှိုး  စသဖြင့ နေရာတကာကို လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် အရပ်သားတွေ ထိခိုက်သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေပါတယ်။

စက်တင်ဘာလ ၂ ရက်နေ့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ကို စစ်တပ်က အကြမ်းဖက်အဖွဲ့ကြေညာလိုက်တဲ့နောက် ညီနောင်မဟာမိတ်အဖွဲ့ထိန်းချုပ်ထားတဲ့နေရာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုဆက်တိုက်လုပ်နေတာလည်းဖြစ်ပါတယ်။

May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...
April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...