ရခိုင်တွင် အရေပြားရောဂါဖြစ်ပွားမှု ပိုများလာ

ရခိုင်တွင် အရေပြားရောဂါဖြစ်ပွားမှု ပိုများလာ

ရခိုင်ပြည်အတွင်း ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တောမြို့နယ်တို့တွင် အရေးပြားရောဂါဖြစ်ပွားမှု ပိုမိုများပြားလာနေပြီး ဆေးဝါးအခက်အခဲများ ရှိနေကြောင်း သိရသည်။

အရေပြားရောဂါမှာ အသက်အရွယ်မရွေး ဖြစ်ပွားနေပြီး ခန္ဓာကိုယ်ယားနာခြင်း၊ အနီစက်များထွက်ခြင်း၊ အရည်ကြည်ဖုများ ထွက်ခြင်း စသဖြင့် ရောဂါလက္ခဏာ ပုံစံအမျိုးမျိုး ဖြစ်ပွားနေကြခြင်း ဖြစ်သည်။

ကျောက်တော်မြို့နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက “အထူးသဖြင့် စစ်ဘေးရှောင်စခန်းတွေမှာ လူနေထူထပ်တာ၊ သောက်သုံးရေသန့်ရှင်းမှု နည်းပါးတာ၊ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာတွေကြောင့်ဖြစ်ကြတယ်။ ဒါပေမဲ့ တခြားအပြင်က လူတွေကျတော့ ရေမသန့်တာတွေ၊ ဓာတ်မတည့်တာတွေကြောင့် ဖြစ်တာပိုများတယ်” ဟု ပြောသည်။

ရောဂါဖြစ်ပွားမှုပုံစံမှာ တစ်ဒေသနှင့်တစ်ဒေသ ကွဲပြားမှုရှိပြီး လူဦးရေပြွတ်သိပ်ထူထပ်သော နေရာများတွင် ပိုမိုကူးစက်တတ်၍ တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်ကြရန် ကျန်းမာရေးအသိုင်းအဝိုင်းက တိုက်တွန်းကြသည်။

ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲ၊ ပန်းနီလာစစ်ရှောင်စခန်းများတွင် အရေပြားရောဂါဖြစ်သူဦးရေ တိုးလာနေပြီး ဆေးဝါးအခက်အခဲကြောင့် ဆရာခို၊ ထက်လင်း စသည့် လိမ်းဆေးများကိုသာ အသုံးပြုနေကြရသည်။

“ဆေးလိမ်း၊ ဆေးသောက်ပေမယ့် ခဏပဲပျောက်တယ်၊ ပြီးရင် ပြန်ပေါက်တယ်။ ကုပ်လိုက်လို့ အရည်တွေထွက်လို့ ရှိရင်လည်း အရည်ကျသွားတဲ့နေရာမှာ အဖုတွေ ထပ်ပေါက်တယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

နိုင်ငံခြားထုတ်လိမ်းဆေးများမှာလည်း ဆေးတစ်တောင့်ကို တစ်သောင်းနှင့်အထက်ဈေးနှုန်းရှိပြီး ဈေးကွက်အတွင်း ရှားပါးခြင်းကြောင့် အလွယ်တကူ ဝယ်ယူ၍မရ ဖြစ်နေကြသည်။

ပေါက်တောမြို့နယ်၊ အရှေ့ဖရုံကာကျွန်းမှ အမျိုးသမီးတစ်ဦးက “ကျမတို့ရွာဘက်မှာ အခုနောက်ပိုင်း အဲလိုမျိုး ရောဂါဖြစ်သူတွေ များလာတယ်။ တစ်ရွာလုံးဖြစ်နေတယ်လို့တောင် ပြောလို့ရတယ်။ ကုသဖို့ကလည်း ဆေးမရှိ။ ရေပူချိုးကြတယ်။ တောဆေးတောင်ဆေးကို လိမ်းကြတယ်” ဟု ပြောသည်။

ရခိုင်ဒေသတွင် ၂၀၂၃ ခုနှစ် မေလအတွင်း တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်း‌နောက်ပိုင်း ယခုကဲ့သို့ ယားနာအစရှိ အရေပြားရောဂါများ ဆက်တိုက်ခံစားလာရခြင်း ဖြစ်ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းက ပြောကြသည်။

စစ်‌ကောင်စီလမ်းခရီးပိတ်ဆို့ထားသည့် ရခိုင်တွင် ဆေးဝါးရှားပါးမှုဒဏ်နှင့်ရင်ဆိုင်နေကြရသဖြင့် ဒေသခံများမှာ ကျန်းမာရေးကိစ္စနှင့်ပတ်သက်၍ အခက်အခဲများ ကြုံတွေ့နေကြရသည်။

April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...