သံဖြူဇရပ်-ဘုရားသုံးဆူးလမ်းပိုင်း တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး လူသေဆုံးမှုတိုးလာ

သံဖြူဇရပ်-ဘုရားသုံးဆူးလမ်းပိုင်း တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး လူသေဆုံးမှုတိုးလာ

မွန်ပြည်နယ် သံဖြူဇရပ်မြို့မှ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ကို ဆက်သွယ်ထားသည့်လမ်းပိုင်းတစ်လျှောက်ရှိ ကျေးရွာများတွင် နေ့စဉ်တိုက်ပွဲပြင်းထန်နေပြီး လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုတို့ တိုးလာနေသည်ဟု သိရသည်။

ယနေ့ သြဂုတ် ၂၉ ရက်နေ့အထိ အနန်ကွင်း၊ ရဲတံခွန်၊ သက္ကော၊ လွတ်ရှမ်း၊ အနန်းကွင်းနှင့် အနီးတစ်ဝိုက်ရှိရွာတို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးအပြင် Y-12 ဂျက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှင့် ကလေးအပါအဝင် ဒေသခံ ၆ ဦးထက်မနည်း သေဆုံးခဲ့ရသည်ဟု ရဲတံခွန် ဒေသခံတစ်ဦးက ဆိုသည်။

“အခုအချိန်ဆို ဘုရားသုံးဆူးသွားမယ့် သက္ကောလမ်းဝကနေ ဇီးနှစ်ပင်အထိကတော့ အခြေအနေဆိုးတယ်။ နေ့တိုင်းပဲ လက်နက်သံကြားနေရတယ်။ မနေ့ကပဲ စစ်ကောင်ဘက်လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်တာ ရဲတံခွန်ကအမျိုးသမီးတစ်ယောက် ပွဲချင်းပြီးသေသွားတယ်။ ပြီးတော့ ဦးခွေး+ ဒေါ်ယိမ်းရွာ(လှာၐိုပ်) အပြင်ဘက်က နေအိမ်တစ်အိမ်မှာလည်း လက်နက်ကြီးကျလို့ အဲဒီအိမ်က ကလေးနှစ်ယောက်ဆုံးသွားတယ် အဖေဖြစ်သူကလည်း ဗုံးအစအနတွေထိသွားတယ်" ဟု ဆိုသည်။

၎င်းအပြင် စစ်ကောင်စီ လေကြောင်းဖြင့်တိုက်ခိုက်မှုကြောင့် အနန်းကွင်း ဒေသခံတစ်ဦး သေဆုံးခဲ့ပြီး ရွာထဲသို့ပစ္စည်းဝင်ယူသည့်ဒေသခံတစ်ဦး ပျောက်ဆုံးနေသည်ဟု အနန်းကွင်းဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“ကျွန်မတို့ရွာမှာ ဩဂုတ် ၁၉ ရက်နေ့စပြီး စစ်ကောင်စီက လေကြောင်းနဲ့ စတိုက်ခိုက်တယ်၊ လေယာဉ်နဲ့ ပစ်ခတ်တာကြောင့်ပဲ အနန်းကွင်းဒေသခံ ၁ ဦးသေဆုံးတယ်။ ပြီးတော့ ပျောက်နေတာလည်းရှိတယ်၊ စစ်ဘေးကို ပြေးရှောင်နေချိန်မှာ ရောဂါကြောင့်လဲ ၇ ယောက်သေဆုံးခဲ့တယ်” ဟု အနန်ကွင်းဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲပြင်းထန်နေသည့် အခြေအနေတို့ကြောင့် လွတ်ရှမ်းရွာ ဘုန်းကြီးကျောင်းနှင့် ဒေသခံနေအိမ်များအပြင် အနန်းကွင်းရွာ တစ်ရွာလုံးနီးပါးလည်း ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးသူတို့ လက်ရှိအရေအတွက်ထက် တိုးလာနိုင်သည်ဟုလည်း ဒေသခံတို့ပြောဆိုလျှက်ရှိသည်။

သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်ရှိ  အနန်းကွင်းဗျူဟာတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့  သြဂုတ်လလယ်ခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့သည့်နောက် နှစ်ဖက်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။

အနန်းကွင်းနှင့် လွတ်ရှမ်းကျေးရွာဘက် ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် အနီးတစ်ဝိုက်ရှိ တညင်၊ ဖာယာ၊ ပန်းအောင်၊ ပုတော၊ ရက်ဖော၊ ကကတစ်၊ ခွန်နဝါ စသည့်ကျေးရွာ ၁၀ ရွာဝန်းကျင်က ဒေသခံထောင်နှင့်ချီ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်။

အဆိုပါ အနန်းကွင်း စစ်ကောင်စီဗျူဟာ တပ်စခန်းတွင် အင်အားဆုတ်ယုတ်နေသည့်အခြေအနေတို့ကြောင့် မြေပြင်စစ်ကူဖြင့် ထိုးစစ်ဆင်လာမည်ကို ဒေသခံများစိုးရိမ်လျက်ရှိသည်။

ပုံ-Nay Naw(facebook)
April 11, 2026
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မြဝတီ-ကော့ကရိတ်-ဘားအံ...
April 10, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရူးကျေးရွာရှိ စစ်တပ်စခန်းကို ရာမညမွန်တပ်တော် (RMA) နှင့်...
April 9, 2026
မွန်ပြည်နယ်တွင် လာမည့်သင်္ကြန်ကာလအတွင်း ပြုလုပ်မည့် မည်သည့် ပျော်ပွဲရွှင်ပွဲမျိုးမဆို...
April 8, 2026
စစ်အုပ်စုက လွှမ်းမိုးထားသည့် မွန်ပြည်နယ်အစိုးရအဖွဲ့တွင် မွန်ညီညွှတ်ရေးပါတီမှ...