ကလေးမြို့မှ ချင်းပြည်နယ်သို့ ဆန်နှင့် ရိက္ခာများ တင်သွင်းခွင့် စစ်ကောင်စီ တားဆီးပိတ်ပင်

ကလေးမြို့မှ ချင်းပြည်နယ်သို့ ဆန်နှင့် ရိက္ခာများ တင်သွင်းခွင့် စစ်ကောင်စီ တားဆီးပိတ်ပင်

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်နယ်ဘက်သို့ ဆန်အပါအဝင် ရိက္ခာများသယ်ယူပို့ဆောင်ခွင့်ကို စစ်ကောင်စီက တားဆီးပိတ်ပင်ထားသည်မှာ တစ်ပတ်ခန့်ရှိလာသည်ဟု သိရသည်။

ပြီးခဲ့သည့်ဩဂုတ်လ ၂၀ ရက်နေ့ကစ၍ ကလေးမြို့မှ ချင်းတောင်သို့တက်သည့် ခရီးသည်တင်ကား နှင့် ကုန်တင်ကား များကို ကလေးမြို့အထွက် တက္ကသိုလ်မုဒ်ဦးအနီးရှိ စစ်ကောင်စီ၏ (၈) မိုင်စစ်ဆေးရေးဂိတ်ကနေ သယ်ယူပို့ဆောင်ခွင့် ပိတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

“ ဖလမ်းဖက်မှာ ဆန်တွေမဝင်တော့ဘူး၊ ကလေးကနေ ပြန်လာတဲ့သူတွေရှိရင်တောင် ဆန်တွေသယ်လို့မရတော့ဘူး၊ ပြီးတော့ ကားကြီးတွေလုံးဝထွက်ခွင့်မပေးတော့ဘူးစကစဖက်က။ အိမ်စီးကား၊ကားလေး ကိုယ်ပိုင် ကားတွေတောင်မှ ဆန်တအိတ်လောက် လေးတင်တာမှာ သူတို့ချခိုင်းတာမတင်ခိုင်းတော့ဘူး အဲ့လိုဖြစ်သွားတာ” ဟု ဖလမ်းမြို့ဒေသခံ တစ်ဦးက ပြောသည်။

(၈) မိုင်စစ်ဆေးဂိတ်မှာတာဝန်ကျသော စစ်ကောင်စီတပ်ဖွဲ့က ဆန်နှင့် စားသုံးကုန်အပြင် အိမ်ဆောက်ပစ္စည်း၊ ဘိလပ်မြေ လျှပ်စစ်ပစ္စည်းများကိုပါ ပိတ်ပင်ထားပြီး ဆေးဝါးများကိုလည်း ကုမ္ပဏီထောက်ခံချက်ပါရှိမှသာလျှင် သယ်ယူခွင့်ပြု သည်ဟုသိရသည်။

ကလေးမြို့မှ ချင်းပြည်နယ်ဖက်သို့ ခရီးသည်တင်ကားများ ပုံမှန်ပြေးဆွဲနေသော်လည်း စစ်ကောင်စီက ကုန်ပစ္စည်း တင်ဆောင်ခွင့် ကန့်သတ်လိုက်ခြင်းကြောင့် တန်ဆာခလည်း မြင့်လာသည်ဟု ကလေး-ရိ ယာဉ်လိုင်းပြေးဆွဲနေသော ယာဉ်မောင်းတစ်ဦးကပြောသည်။  

“ဆန်တွေက ဒီတိုင်းတင်လို့မရဘူး၊ ဖွက်ပြီးတော့ တင်ရတယ်၊ ကလေးကနေ ချောင်းအထိကို တအိတ်ကို  (၆) သောင်း ယူတယ်၊ ဘာပစ္စည်းဖြစ်ဖြစ်သယ်လို့ရတဲ့ပစ္စည်းတွေရှိတယ် ဒါပေမယ့် ခက်တဲ့ဟာတွေဆိုရင် တန်ဆာ ခကများတယ်။ ”ဟု သူကပြောသည်။

ချင်းပြည်နယ်မြောက်ပိုင်းဒေသသည် ကလေးမြို့မှ ဆန်နှင့် အခြေခံစားသုံးကုန်များကို အဓိကမှီခိုအားထားနေရသည့်အတွက် ယခုကဲ့သို့ကန့်သတ်မှုရှိလာသည့်နောက်ပိုင်း ကုန်ဈေးနှုန်းများလည်း တရိပ်ရိပ်တက်လာ နေကြောင်းသိရသည်။

June 26, 2026
ဆလိုင်းတင်မောင်ဦး၏ စိတ်ဓါတ်၊ ယုံကြည်ချက်နှင့် ရပ်တည်ချက်များကို ဆုပ်ကိုင်လျက် စစ်အာဏာရှင်စနစ်...
June 24, 2026
ကလေး- တမူးလမ်းမပေါ်ရှိ ခမ်းပတ်မြို့နှင့် ကနန်ကျေးရွာတို့ကို အာဏာသိမ်းစစ်တပ်က ၃ ရက်ဆက် လေ‌ကြောင်း...
June 23, 2026
အိန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းဖြစ်သော ကလေး - တမူး လမ်းမပေါ်ရှိ ခမ်းပတ်မြို့ကို...
June 22, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်၏ လေကြောင်း...