အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးကို အိန္ဒိယဘက်က ဆက်လက်ပိတ်ထား၊ နယ်စပ်နေပြည်သူများ စားဝတ်နေရေး ပိုပိုခက်ခဲလာ

အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးကို အိန္ဒိယဘက်က ဆက်လက်ပိတ်ထား၊ နယ်စပ်နေပြည်သူများ စားဝတ်နေရေး ပိုပိုခက်ခဲလာ

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့ရှိ  အမှတ် (၂ ) နယ်စပ်ကုန်သွယ်ရေးကတဆင့် မီဇိုရမ်ပြည်နယ်ဘက်သို့ မြန်မာကုန်ပစ္စည်းများ တင်သွင်းခွင့်ကို အိန္ဒိယဗဟိုအစိုးရက ပိတ်ပင်ထားသည်မှာ တစ်လကျော်လာပြီဖြစ်ကာ နယ်စပ်နေပြည်သူများ စားဝတ်နေရေးအတွက် အခက်ကြုံနေကြရသည်ဟု သိရသည်။

ရိ-ဇိုခေါထာရ်နယ်စပ်ကုန်သွယ်ရေးမှတဆင့် မြန်မာဘက်က ကွမ်းသီးခြောက်များ တရားမဝင်တင်သွင်းနေသည်ဆိုသော တိုင်ကြားချက်ကို စုံစမ်းစစ်ဆေးရန် ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CBI) အဖွဲ့က နယ်စပ်ကိုသွားရောက်မည်ဟုဆိုကာ  ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်ကစ၍ မြန်မာဘက်က ကုန်ပစ္စည်းအဝင်အားလုံးကို မီဇိုရမ်ပြည်နယ်အကောက်ခွန်ဌာနက ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယ-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားမှတဆင့် နှစ်နိုင်ငံနယ်စပ်နေပြည်သူများအား လွတ်လပ်စွာဝင်ထွက်သွားလာခွင့်ပြုထားသော်လည်း  ယခင်ကဲ့သို့ မြန်မာကုန်ပစ္စည်းများကို တံတားပေါ်မှသော်လည်းကောင်း၊ အခြားသော နယ်စပ်ဝင်ပေါက်လမ်းမှသော်လည်းကောင်း ဖြတ်သန်းသယ်ယူပို့ဆောင်ခွင့်မပြုတော့ခြင်းဖြစ်သည်။

ထိုကဲ့သို့သောအခြေအနေကြောင့် နယ်စပ်ကုန်သွယ်ရေးအား မှီခိုအားထားနေရသော ပြည်သူများ၊  ကုန်တင်ကုန်ချသမားများ၊ နေ့စားအလုပ်သမားများသည် အလုပ်လက်မဲ့ဖြစ်လာကြပြီး စားဝတ်နေရေးအတွက် အခက်ကြုံလာကြရသည်ဟု နယ်စပ်နေပြည်သူတစ်ဦးကပြောသည်။

“နယ်စပ်မှာက အများအားဖြင့်တော့ ကုန်တင်ကုန်ချအလုပ်သမားတွေများတယ်လေ၊ ဒီလိုမဖြစ်ခင်တုန်းကတော့ ကုန်တင်ကုန်ချသမားတစ်ယောက်ဟာ တစ်ပတ်မှာ ကျပ် ၂ သိန်းဝန်းကျင်လောက်ပုံမှန်ရနိုင်တယ်၊ အခုတော့ မီဇိုရမ်ဘက်က ကုန်အဝင်ပိတ်ထားတော့ ကုန်တင်ကုန်ချလုပ်အလုပ်ကလည်းမရှိသလောက်ဖြစ်သွားတယ်၊ တစ်ရက်မှာ တစ်သောင်းရဖို့တောင် ခက်လာပြီ” ဟု ရိခေါဒါရ်မြို့ဒေသခံတစ်ဦးကပြောသည်။

ရိခေါဒါရ်မြို့နေပြည်သူများသည် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းကိုသာအဓိကအားထားနေရပြီး ကုန်ချကုန်ချအလုပ်လုပ်ကိုင်သူ အလုပ်သမား ၃၀၀ ဝန်းကျင်ခန့်ရှိသည်ဟု သိရသည်။

ယခုကဲ့သို့ နယ်စပ်ကုန်သွယ်ရေးပိတ်ပင်ထားမှုကြောင့် မီဇိုရမ်ပြည်နယ်ဘက်ခြမ်းက ဇိုခေါထာရ် နှင့် နယ်စပ်ကုန်သွယ်ရေးကိုအားထားနေရသော ကျေးရွာများမှာလည်း အလုပ်လက်မဲ့၊ ကုန်ဈေးနှုန်းကြီးမြင့်မှုပြဿနာများ ရင်ဆိုင်နေကြရသည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ်ဘက်ခြမ်း ဇိုခေါထာရ်ကျေးရွာမှာလည်း ကုန်တင်ကုန်ချအလုပ်သမား ၄၀၀ ဝန်းကျင်ခန့်ရှိကြပြီး မြန်မာဘက်မှ ကုန်ပစ္စည်းအဝင်မရှိသည့်အတွက် အလုပ်လက်မဲ့ဖြစ်နေကြသည်ဟု Zokhawthar Transport Union အဖွဲ့က ပြောသည်။

ထို့အပြင် မြန်မာဘက်က ခရီးသည်များလည်း အဝင်နည်းပါးလာသည့်အတွက် ဆိုင်ကယ်ကယ်ရီ၊ ဈေးဆိုင်၊ ထမင်းဆိုင်များလည်း အရောင်းအဝယ်ပါးပြီး နေ့စဉ်ဝင်ငွေရရှိမှုထိခိုက်လာနေကြောင်း သိရသည်။

ဓာတ်ပုံ -(ပုံဟောင်း / Crd)
August 28, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရသည် ဒေသန္တရအစိုးရများကို မြို့နယ်နှင့် ဒေသ ၁၉ ခုတွင်...
August 28, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်မြောက်ပိုင်း ဖလမ်းနှင့် တီးတိန်မြို့သို့ ဆက်သွယ်ထားသည့်...
August 26, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝမြို့နယ်၊ မရာဒေသ၊ ရွှေလိုက်ဝကျေးရွာအနီးရှိ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (...
August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...