ရခိုင်က စစ်ဘေးရှောင်များအတွက် ဆေးဝါးလိုအပ်ချက် မြင့်မားနေ

ရခိုင်က စစ်ဘေးရှောင်များအတွက် ဆေးဝါးလိုအပ်ချက် မြင့်မားနေ

ရခိုင်ပြည်အတွင်း မြို့နယ်အသီးသီးရှိ စစ်ဘေးရှောင်စခန်းများတွင် ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ဆိုးဝါးစွာ ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်များနှင့် ကူညီနေသူများထံမှ သိရသည်။

ဆေးဝါးပြတ်လပ်မှု၊ ဈေးနှုန်းများအဆမတန် မြင့်တက်နေမှုနှင့် ကူညီထောက်ပံ့မှု အားနည်းသဖြင့် စစ်ဘေးရှောင်များမှာ ဆေးကုသမှု အခက်အခဲဖြစ်နေခြင်းဖြစ်ကြောင်း စစ်ရှောင်အရေးကူညီသူများက ဆိုသည်။

ပုဏ္ဏားကျွန်း လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက “စစ်ဘေးရှောင်တွေက နီးစပ်ရာသူနာပြုဆီမှာ ကု‌နေကြရတာပါ။ ဆေးတွေက လုံလောက်မှုမရှိတဲ့အပြင် ဈေးလည်းတအားတက်နေတော့ ဆေးမကုနိုင်တဲ့ စစ်ဘေးရှောင်တွေ ပိုများလာတယ်။ တချို့ဆို သူနာပြုဆီမှာတောင် မကုနိုင်ကြဘူး” ဟု ပြောသည်။

တစ်ကျော့ပြန်တိုက်ပွဲ စတင်လာသည့် ၂၀၂၃ နိုဝင်ဘာလမှစ၍ စစ်ကောင်စီက ရခိုင်ဒေသကို ကုန်းလမ်း၊ ရေလမ်း ဖြတ်တောက်ပြီး ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့ထားသဖြင့် ဒေသတွင်းနေထိုင်သူများမှာ ဆေးဝါးနှင့် ကုန်ပစ္စည်းပြတ်လပ်မှုဒဏ်ကို ခံစားနေရသည်။

ရခိုင်ပြည်အနှံ့တွင် စစ်ဘေးရှောင်ဦးရေ ၆ သိန်းနီးပါးထိရှိလာကြောင်း ULA/AA စာရင်းတွင် ဖော်ပြသည်။ ၎င်းတို့မှာ စားဝတ်နေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများ အရေးတကြီး လိုအပ်နေကြသည်။

မိုးရာသီတွင် စစ်ဘေးရှောင်စခန်းများ၌ ငှက်ဖျား၊ တုပ်ကွေး၊ ဖျားနာ၊ ချောင်းဆိုး၊ ဝမ်းရောဂါ ဖြစ်ပွားမှုပိုများလာပြီး အသက်သေဆုံးသူများလည်း ရှိလာကြောင်း AA က ထုတ်ပြန်ထားသည်။

ထို့ကြောင့် နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများအနေဖြင့် ဆေးဝါးများကူညီပေးကြရန် AA က အကူအညီ တောင်းခံထားသည်။

လင်းရောင်ခြည်ဖောင်ဒေးရှင်း တာဝန်ရှိသူက“ကျနော်တို့က ကူညီပေးနေပေမယ့် နေရာတိုင်းက စစ်ရှောင်တွေဆီ လောက်ငှအောင် မပေးနိုင်သေးဘူး။ ဆေးဝါးတွေ၊ စားနပ်ရိက္ခာအခက်အခဲတွေ၊ နေရာထိုင်ခင်းအခက်အခဲတွေ အများကြီးရှိနေလို့ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေ၊ နောက်ပြီး ငွေကြေးတတ်နိုင်သူတွေ ပါဝင်ကူညီစေချင်တယ်” ဟု ပြောသည်။

ဒေသတွင်း လူမှုကူညီရေးအသင်းများမှာလည်း စစ်ရှောင်များအား ကူညီထောက်ပံ့မှုအပိုင်းတွင် အခက်အခဲများ ရှိနေကြသည်။ ကိုယ်တိုင်စစ်ဘေးရှောင်နေရခြင်း၊ ရန်ပုံငွေရှာမရနိုင်ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် မချိတ်ဆက်နိုင်ခြင်း စသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေကြရသည်။

စစ်ဘေးရှောင် စစ်တွေဒေသခံ အမျိုးသမီးတစ်ဦးက “နေမကောင်းဖြစ်နေလို့ နာ့စ်မ(သူနာပြု)ဆီမှာ ဆေးခန်းသွားပြရင် ကိုယ်လိုနေတဲ့ဆေးကို တစ်ထပ်ထဲကျအောင် မပေးနိုင်တော့ဘူး။ နီးစပ်တဲ့ဆေးတွေနဲ့ပဲ ကုပေးရတာ။ ဆေးတွေဈေးတက်တာရယ်၊ အလွယ်တကူ မရနိုင်တာတွေကြောင့် ပုံမှန်ဖျားနာတာတောင် ဆေးကုဖို့မလွယ်ဘူး” ဟု ပြောသည်။

ရခိုင်ပြည်မြောက်ပိုင်း ဈေးကွက်တွင် ပါရာစီတာမော တစ်ကဒ် ၁,၂၀၀ ကျပ်၊ ဘိုင်အိုဂျက်ဆစ် တစ်ကဒ် ၄,၀၀၀ ကျပ်၊ စီထရေဇင်း တစ်ကဒ် ၁,၅၀၀ ကျပ်၊ ဒီကိုဂျင် တစ်ကဒ် ၄,၀၀၀ ကျပ်၊ Amlong တစ်ကဒ်ကို ၃,၀၀၀ ကျပ် စသဖြင့် ဈေးနှုန်းအဆမတန် မြင့်တက်လျက်ရှိသည်။

အိန္ဒိယ - ပလက်ဝ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းမှ ဈေးဝါးတင်သွင်းမှုကိုလည်း အိန္ဒိယက ပိတ်ပင်ထားသဖြင့် ဒေသတွင်းဆေးဝါးများမှာ ပြတ်လပ်တော့မည် အခြေအနေဖြစ်နေသည်။

လက်ရှိတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ မောင်တော၊ သံတွဲ၊ ဂွမြို့နယ်များတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ဘေးရှောင်ဦးရေမှာလည်း ဆက်လက်တိုးလာမည့် အခြေအနေတွင် ရှိနေသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...