ပွန်ချောင်း အမှတ် (၄) စစ်ဘေးရှောင်စခန်းမှာ ကျောင်းနေအရွယ်ကလေးတွေ အရေပြားအနာ ထက်ဝက်ကျော်ဖြစ်ပွားနေကာ ဆေးဝါး အကူအညီ လိုအပ်

ပွန်ချောင်း အမှတ် (၄) စစ်ဘေးရှောင်စခန်းမှာ ကျောင်းနေအရွယ်ကလေးတွေ အရေပြားအနာ ထက်ဝက်ကျော်ဖြစ်ပွားနေကာ ဆေးဝါး အကူအညီ လိုအပ်

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက ပွန်ချောင်း အမှတ် (၄) စစ်ဘေးရှောင်စခန်းမှာရှိတဲ့  ၅ နှစ်အောက် ကလေးနဲ့ ကျောင်းနေအရွယ်ကလေး ဦးရေ ထက်ဝက်ကျော်ဟာ အရေပြားအနာတွေဖြစ်ပွားမှုများနေပြီး  ဆေးဝါးမရှိတာကြောင့် အကူအညီလိုအပ်နေတယ်လို့ ဆိုပါတယ်။

“ အရေပြား ပြဿနာရှိမယ် ကလေးရော၊ လူကြီးပါပေါ့၊ အနာစိမ်းလည်း ဖြစ်တာပေါ့နော။ အနာစိမ်းက ၂၀ ရာခိုင်နှုန်းလောက်ပါဖြစ်မယ် ၊ အရေပြားဖြစ်တာက အဓိက ရေကြောင့် ဖြစ်နိုင်တယ်။” လို့ စစ်ရှောင်ကူညီပေးနေတဲ့ ကျန်းမာရေး ဆရာမတစ်ဦးက ပြောပါတယ်။

ကလေးငယ်တွေဟာ အရေပြားအနာပေါက်နေတဲ့အပြင် စစ်ဘေးရှောင်စခန်းအတွင်း ဖျားနာတဲ့ ကလေးတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ပွန်ချောင်း အမှတ် (၄) စစ်ဘေးရှောင်စခန်းမှာတော့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မယ့် ဆေးပေးခန်းမရှိပါဘူး။

လက်ရှိမှာ ကလေးငယ်တွေ အရေပြားအနာ ဖြစ်ပွားတာ လနဲ့ချီ ကြာနေပြီဖြစ်ပေမယ့် ပျောက်ကင်းတာ မရှိသေးဘူးလို့ ဆိုပါတယ်။

“ ၈၃ ဦးမှာမှ ၄၀ ရာခိုင်နှုန်းလောက်ဖြစ်တာပေါ့၊ ဆေးသောက်ပြီး တစ်ခါ ပြန်ဖြစ်တယ်။ အရင်လတွေက ပိုဖြစ်များတယ်၊ အမှတ် (၄) မှာတော့ ကိုယ်ထူကိုယ်ထ ဆေးခန်းတော့ မရှိဘူးပေါ့၊ တကယ်လို့ အရေးပေါ်ဖြစ်ရင် အမှတ် (၆) နဲ့ အမှတ်(၂) အထိ သွားပြရတယ်။”လို့ ကလေးငယ် အနာပေါက်သူ မိခင်တစ်ဦးက ဆိုပါတယ်။

ဆေးပေးခန်းရှိတဲ့ အမှတ် ၆ နဲ့ အမှတ် ၂ စစ်ရှောင်စခန်းကို ခြေလျင်နဲ့ သွားရင်တော့ နာရီဝက်ခန့် ကြာမြှင့်ပါတယ်။

လက်ရှိ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ကလေးငယ်တွေကို ကိုယ်ထူကိုယ်ထ ဆေးခန်းမှာ သွားရောက်ပြသပေးနိုင်ဖို့ အခက်အခဲရှိတယ်လို့ ဆိုကြပါတယ်။

ပွန်ချောင်း အမှတ် (၄) စစ်ဘေးရှောင်စခန်းမှာတော့ KG တန်းကနေ Grade -9 ထိ ဖွင့်လှစ်ထားပြီး ကျောင်းသူ၊ ကျောင်းသား ဦးရေ ၈၃ ဦးရှိကာ ဆရာ၊ ဆရာမ ၁၄ ဦးနဲ့ သင်ကြားပေးနေပါတယ်။

အိမ်ခြေ ၈၆ အိမ်၊ လူဦးရေ ၃၀၀ ကျော်ရှိပြီးတော့ ဒေါညေးခူ၊ တနီးလာလဲ စတဲ့ ကျေးရွာက ဒေသခံတွေ စုပေါင်းနေထိုင်ကြတယ်လို့ သိရပါတယ်။

May 27, 2026
ကရင်နီပြည်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ လိုက်နာကျင့်သုံးဖို့ စည်းမျဉ်းစည်းကမ်းထိန်းသိမ်းခြင်း...
May 26, 2026
ကရင်နီပြည် လွိုင်ကော် မြို့နယ် အရှေ့ဘက်ခြမ်းက တောင်သူတွေဟာ ပြီးခဲ့တဲ့နှစ်အတွင်း ဒေသတွင်းက...
May 25, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းမှာ ၁၂ တန်းပြီးမြောက်သွားတဲ့ ကလေးတွေရဲ့...
May 23, 2026
စပါးစိုက်ပျိုးမှုနဲ့ အဓိက အသက်မွေးဝမ်းကျောင်းပြုတဲ့ ကရင်နီပြည်က ဒေသခံလူထုတွေက...