မတူပီမြို့ထဲ စစ်ဘေးရှောင်များ ပြန်လည်နေထိုင်ခွင့်ပြုတော့မည်ဟုဆို

မတူပီမြို့ထဲ စစ်ဘေးရှောင်များ ပြန်လည်နေထိုင်ခွင့်ပြုတော့မည်ဟုဆို

ချင်းပြည်နယ်၊ မတူပီမြို့တွင် စစ်ဘေးရှောင်များ ပြန်လည်နေထိုင်နိုင်ရေးအတွက် လိုအပ်ချက်လုပ်ငန်းများ ဆောင်ရွက်ထားပြီး ပြည်သူများ ပြန်လည်နေထိုင်ခွင့်ပြုတော့မည်ဖြစ်ကြောင်း မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

မတူပီမြို့တွင် လိုအပ်သော အုပ်ချုပ်ရေးပိုင်းဆိုင်ရာလုပ်ငန်းများ၊ သန့်ရှင်းရေးလုပ်ငန်းများနှင့် ရေရှိရေးလုပ်ငန်းများကို ဆောင်ရွက်ပြီးပြီဖြစ်ကြောင်း မတူပီ ပအဖက ဩဂုတ်လ ၈ ရက်က သတင်းထုတ်ပြန်သည်။

မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စစ်ဘေးရှောင်များ ပြန်လည်နေထိုင်နိုင်ရေးကို ထုတ်ပြန်ပြီးနောက် မတူပီမြို့ပေါ် စစ်ဘေးရှောင်တချို့ ပြန်လည်ရောက်ရှိလာကြောင်း၊ စစ်ဘေးရှောင်များကို ပြန်လာခွင့်ပြုထားပြီးဖြစ်ကြောင်း မတူပီ- CDF ၊ တပ်မဟာ - ၁ ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုပ်က ပြောသည်။

“မတူပီပအဖက ထုတ်ပြန်ပြီးမှ စစ်ဘေးရှောင်တွေ စတင်ပြန်လာတာပါ။ တချို့က ဆိုင်ကယ်တွေနဲ့ ပြန်လာကြတယ်။ စစ်ဘေးရှောင်တွေ သိသင့်တာတွေကိုတော့ စာရွက်နဲ့ Print ထုတ်ပြီး ပြောထားပါတယ်။ ဘယ်လောက်ပြန်လာနေပြီးလဲက စာရင်းမကောက်ရသေးပါဘူး” ဟု ကိုဘွေအုပ်က ပြောသည်။

မတူပီမြို့စစ်ဘေးရှောင်များ သိသင့်သိထိုက်သော သတိထားရမည့်အချက်များကိုလည်း လက်ကမ်းစာစောင်များ ဝေငှထားကြောင်း၊ အသုံးများသော လမ်းများတွင် မြေမြှုပ်မိုင်းများ ရှင်းလင်းထားပြီး မရှင်းလင်းရသေးသည့်နေရာများကို ယာယီပိတ်ထားကြောင်း သိရသည်။

မတူပီမြို့ ပြန်လည်တည်ဆောက်ရေး ရှေ့လုပ်ငန်းစဉ်များ ဆက်လက် ဖော်ဆောင်သွားမည်ဖြစ်သောကြောင့် မိဘပြည်သူများမှ ပူးပေါင်းပါဝင်ကြပါရန် မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးနှိုးဆော်ထားသည်။

မတူပီမြို့ရှိ စစ်ကောင်စီ၏ ခမရ ၃၀၄၊ ခလရ ၁၄၀နှင့် စစ်ဗျူဟာစခန်းတို့ကို ချင်းညီနောင်တပ်ဖွဲ့ဝင်များနှင့် အာရက္ခတပ်တော် AA မဟာမိတ်တပ်များက ဇွန်လ ၉ ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇွန်လ ၂၉ ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

မတူပီမြို့ပေါ်နှင့် အနီးဒေသကျေးရွာများက ဒေသခံပြည်သူများသည် ချင်းပူးပေါင်းတပ်များက စစ်ကောင်စီစခန်းများကို စတင်တိုက်ခိုက်ခြင်း မပြုမီကပင် စစ်ဘေးရှောင်နေကြရခြင်းဖြစ်ကြောင်း သိရသည်။

June 20, 2026
လူထုခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်...
June 18, 2026
ချင်းပြည်နယ်၊ ဇိုတုန်ဒေသက ကားလမ်းများကို အသုံးပြု၍ ကုန်စည်ကူးသန်းရောင်းဝယ်မှု ပြုလုပ်နေသော...
June 17, 2026
အာဏာသိမ်းစစ်တပ်လက်အောက်ခံ ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ ZRA-EC သည် ၎င်းတို့အဖွဲ့ဝင်တစ်ဦး...
June 16, 2026
ချင်းပူးပေါင်းတပ်နှင့် အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်နေ့သည့် ချင်းတောင်ပိုင်း၊...