မတူပီစစ်စခန်းများက ထွက်ပြေးသည့် စစ်သုံ့ပန်း ၆၀ ကျော် ချင်းလဲန်းကောင်စီပူးပေါင်းတပ် ဖမ်းမိထား

မတူပီစစ်စခန်းများက ထွက်ပြေးသည့် စစ်သုံ့ပန်း ၆၀ ကျော် ချင်းလဲန်းကောင်စီပူးပေါင်းတပ် ဖမ်းမိထား

ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲက တောတောင်များထဲ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၆၀ ကျော်ကို ချင်းလဲန်းကောင်စီပူးပေါင်းတပ်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“တစ်ရက်ထဲမှာ ဖမ်းတာတော့ မဟုတ်ဘူး။ နေ့တိုင်း လိုလိုတော့ တောက်လျှောက်ဖြစ်တာပါ။ ရက်နဲ့ အတိအကျ အဲလိုမျိုးတော့ မရှိဘူး။ တစ်ရက်မှာ ၂ ယောက်၊ ၃ ယောက် ။ တခါတလေနဲ့ ဆယ်ဂဏန်းလောက်ပေါ့။ အဲလို ဖမ်းဆီးရမိတာတွေ ဖြစ်ပါတယ်။ အားလုံးက အခုချိန်ထိ ကျနော်တို့မှာ ၆၀ နဲ့ ၈၀ ကြားမှာ ရှိတယ်လို့ ပြောလို့ ရတယ်” ဟု CDF - မတူပီ၊ တပ်မဟာ - ၂၊ ပြောရေး ဆိုခွင့်ရှိသူ ကိုနိုင်ဂျွန်က ပြောသည်။

ချင်းလဲန်းကောင်စီပူးပေါင်းတပ်က ဖမ်းဆီးရမိသူများတွင် စစ်ကောင်စီတပ်သားအပါအဝင် မိသားစုဝင်များ စသဖြင့် အစုံပါဝင် နေကြောင်း၊ အာရက္ခတပ်တော် ULA/ AA ၏ တပ်ဖွဲ့ဝင်အချို့ကိုလည်း ဖမ်းဆီးရမိထားကြောင်း သိရသည်။

မတူပီမြို့သိမ်းခံရပြီးနောက် စစ်ကောင်စီစခန်းများမှ စွန့်ခွာထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့များနှင့် လက်အောက်ခံ လူများ ကို မကြာခဏ ဖမ်းမိနေကြောင်း ဆလိုင်းထက်နီကလည်း ပြောသည်။

“ကျနော်တို့က အလုံးအရင်းနဲ့တော့ မဖမ်းပါဘူး။ အခုက အားလုံး ၆၀ ခန့်တော့ရှိမယ်။ ၃ ယောက် ၊ ၄ ယောက် စသဖြင့် အဲဒီလို ဖမ်းထားတာပါ” ဟု ဆလိုင်းထက်နီက ပြောသည်။

ဖမ်းဆီးရမိသူများကို ချင်းလဲန်းကောင်စီပူးပေါင်းတပ်များက ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း သိရသည်။

မတူပီမြို့ရှိ ခမရ - ၃၀၄၊ ခလရ - ၁၄၀ နှင့် မတူပီအခြေချ စစ်ဗျူဟာတို့ကို ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့ များက ထိုးစစ်ဆင် တိုက်ခိုင်ရာ ဇွန်လ ၂၉ ရက်က အပြီးသတ် သိမ်းပိုက်ချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ၊ Non- CDM များ ရာချီသည် တောတောင်ထဲသို့ ထွက်ပြေးသွားခဲ့ရခြင်းဖြစ်သည်။

ဇူလိုင်လ ၁၇ ရက်တွင် မတူပီမြို့ စစ်ကောင်စီစခန်းများမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများ၊ တပ်မိသားစုဝင်များနှင့် အရပ်ဖက်ဝန်ထမ်းများ စုစုပေါင်း ၁၂၀ ခန့်ကို ပထမသုတ်အဖြစ် ဖမ်းဆီးရမိခဲ့ကြောင်၊ ဇူလိုင်လ ၂၅ ရက်တွင် ဒုတိယသုတ်အဖြင့် စစ်သုံ့ပန်းအုပ်စုဝင် ၁၀၀ ကျော်ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ချင်းညီနောင်ထံမှ သိရသည်။

ဖမ်းဆီးရမိသော စစ်သုံ့ပန်းများထဲတွင် စစ်ကောင်စီတပ်မှ ဗျူဟာမှူးအပါအဝင် အရာရှိ ၁၀ ဦးကျော် ပါဝင်ကြောင်း၊ တောင် တောင်ထဲတွင် ထွက်ပြေးနေစဉ်အတွင်း လသားကလေးငယ်နှင့် သက်ကြီးရွယ်အိုများ အပါအဝင် စစ်ကောင်စီတပ်သား၊ ရဲ တို့ ၅၀ ကျော် သေဆုံးခဲ့ရကြောင်း သိရသည်။

April 11, 2026
ဝါရင့်နိုင်ငံရေးသမားနှင့် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့်...
April 10, 2026
ထန်တလန်မြို့အပါအဝင် ချင်းပြည်နယ်အတွင်းရှိ စစ်ကော်မရှင်တပ်စခန်းအားလုံးကို...
April 9, 2026
အာဏာသိမ်း စစ်ကော်မရှင်သည် တရားဝင်မှု အပေါ်ယံလွှာကို ဖန်းတီးနိုင်ရေးအတွက် အတုအယောင် ရွေးကောက်ပွဲ...
April 8, 2026
လက်ရှိ စစ်ကော်မရှင်ခန့် ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွင်းထန်ကိုပင် စစ်အစိုးရသစ်၏...