မောင်တောမြို့ပေါ်တွင် တိုက်ပွဲကြားပိတ်မိနေသည့် လူမျိုးပေါင်းစုံပြည်သူများကို AA က ကယ်ထုတ်နေပြီး တချို့နေရာများတွင် တိုက်ပွဲဖြစ်ပွားနေ

မောင်တောမြို့ပေါ်တွင် တိုက်ပွဲကြားပိတ်မိနေသည့် လူမျိုးပေါင်းစုံပြည်သူများကို AA က ကယ်ထုတ်နေပြီး တချို့နေရာများတွင် တိုက်ပွဲဖြစ်ပွားနေ

ရခိုင်ပြည်၊ အနောက်ဘက်နယ်စပ် မောင်တောမြို့ပေါ်တွင် တိုက်ပွဲကြားပိတ်မိနေသည့် လူမျိုးပေါင်းစုံ ပြည်သူများအား အာရက္ခတပ်တော်(AA)က ကယ်ထုတ်ပေးနေပြီး တချို့ကယ်ထုတ်နေသည့် နေရာအချို့တွင် စစ်ကောင်စီပူးပေါင်းတပ်နှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

မောင်တောဒေသခံ တစ်ဦးက “တိုက်ပွဲအတွင်းမှာပိတ်မိနေကြတဲ့ ရခိုင်လူမျိုးအပါအဝင် ဟိန္ဒူတွေ၊ မွတ်ဆလင်တွေကို အာရက္ခတပ်တော်က ကူညီကယ်ထုတ်ပေးတာတွေရှိတယ်။ ပိတ်မိနေတဲ့အချိန်မှာ စစ်ကောင်စီနဲ့ အပေါင်းအပါတွေရဲ့ ညှင်းပန်းနှိပ်စက်တာတွေကိုမခံနိုင်လို့ အာရက္ခတပ်‌တော်ကို ကယ်ထုတ်ဖို့ တောင်းဆိုလာတာတွေကြောင့် အာရက္ခတပ်တော်က စစ်ကောင်စီရဲ့ တိုက်ခိုက်မှု ကြားထဲက ကယ်ထုတ်ပေးခဲ့တာပါ” ဟုပြောသည်။

စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုများကို ယခုရက်ပိုင်းအတွင်း ပြင်းပြင်းထန်ထန် ပြုနေပြီး ကယ်ထုတ်နေစဉ်အတွင်း စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲများလည်း ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်ဟု ၎င်းက နိရဉ္စရာသတင်းဌာနကိုပြောသည်။

လက်ရှိတွင် မောင်တော ရွှေဇား၊ အောင်ဗလနှင့် ဝိမလကျေးရွာနှင့် နေရာအနှံ့အပြားတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့မှာ ထိတွေ့တိုက်ပွဲပြင်းထန်လျက်ရှိသည်ဟု နောက်ထပ် မောင်တောမြို့ခံတစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

“တိုက်ပွဲပြင်းနေတာ မနေ့ကလည်း တစ်နေကုန်ဖြစ်တယ်။ ဒီနေ့မနက်ကလည်းတိုက်ပွဲတွေ ပြင်းလို့ရှိနေတယ်” ဟုပြောသည်။

ယခုလို မောင်တောမြို့ပေါ်တွင် ပိတ်မိနေသည့် ပြည်သူများအား ကယ်ထုတ်နေခြင်းနှင့် ပတ်သက်ပြီး အာရက္ခတပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခမှလည်း နိရဉ္စရာသို့ အတည်ပြုပြောဆိုသည်။

လက်ရှိမောင်တောတွင် မြို့အဝင်နားပတ်ဝန်းကျင်တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိပြီး မောင်တောမြို့ပေါ်တိုက်ပွဲလည်း နီးကပ်လာပြီဟု မောင်တောဒေသခံများက ပြောသည်။

ယင်းအပြင် စစ်ကောင်စီနှင့်အပေါင်းအပါတို့သည် မောင်တောမြို့အနီးအနားတစ်ဝိုက် မြေမြှုပ်မိုင်းပတ်ပတ်လည်ထောင်ထားပြီး ပိတ်မိနေသည့် ဒေသခံများအနေဖြင့် အန္တရာယ်ကြားက အာရက္ခတပ်တော်၏ အကူအညီများကို ယူကာ မောင်တောမြို့ပေါ်ကနေ ထွက်ပြေးနေကြရသည်ဟု သိရသည်။

မောင်တောမြို့ထဲက ထွက်ပြေးလွတ်မြောက်လာသူများအတွက်  ကျန်းမာရေးစောင့်ရှောက်မှုနှင့် အရေးပေါ်စားသောက်ရေးများ လိုအပ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

February 6, 2026
သဉ္ဇာနွယ် — ရခိုင်ရိုးမအရှေ့ခြမ်းပဲခူးတိုင်း၊ ပန်းတောင်မြို့နယ်၊ ကပစ( ၁၆) အနီးရှိ...
February 5, 2026
(နို့ဆီဗူး ၆၅ ဗူးဆံ့တောင်းများဖြင့်သာ ခြင်တွယ်ရောင်းချနေရ၍ တွက်ခြေမကိုက်ဟုဆို) ကျော်သီဟ -...
February 4, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူတွင် ထောင်ဝန်ထမ်းတစ်ဦးကို သတ်ပြီး အကျဉ်းသားငါးဦး...
February 3, 2026
ခိုင်လူလှ (ရိုးမမြေ) —  (စစ်ကော်မရှင်ဘက်က ၂၀ ကျော်သေဆုံးပြီး လက်နက်အများအပြားသိမ်းဆည်းရမိ...