တပ်မဟာ ၄ ရှိ မိုးကဖော့စခန်းကို စစ်ကောင်စီတပ် စွန့်ခွာ၊ မောတောင်တွင် အင်အားပြန်စုနေ

တပ်မဟာ ၄ ရှိ မိုးကဖော့စခန်းကို စစ်ကောင်စီတပ် စွန့်ခွာ၊ မောတောင်တွင် အင်အားပြန်စုနေ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ-၄ နယ်မြေ တနင်္သာရီ မြို့နယ်၊ နယ်စပ်စခန်းတစ်ခုဖြစ်သည့် မိုးကဖော့စခန်းမှ စစ်ကောင်စီတပ်တို့ စွန့်ခွာသွားပြီး မောတောင်တွင် အင်အားပြန်လည်စုသည်ဟု ဘိတ်-ထားဝယ်ခရိုင်တာဝန်ရှိသူက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ မိုးကဖော့စစ်ကောင်စီတပ်စခန်း၌ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း(ခလရ ၂၂၄) တပ်မှ အင်အား ၂၀ ဝန်း ကျင်ခန့်သာရှိကာ ပြီးခဲ့သည့် တပတ်ကျော်ကတည်းက စခန်းမှ ဆုတ်ခွာပြီး မောတောင်တွင် အင်အား ပြန်ဖြည့် နေခြင်းဖြစ်သည်ဟု ဘိတ်-ထားဝယ်ခရိုင်ဥက္ကဌ ပဒိုစောဖလိုစိုးဝင်းက ကေအိုင်စီသို့ ပြောသည်။

“အဲဒီမှာ ရိက္ခာပို့ဆောင်တာတွေ ခက်ခဲလာတယ်။ သူတို့ကို သူများရိက္ခာပို့တာတွေမရှိတော့ မောတောင်မှာ ပြန် ဆုတ် လိုက်တာ။ အင်အားနည်းလာတာလည်း ပါတယ်။ သွားလာရေး ခက်တာလည်း ပါတယ်။

နောက်တစ်ခုက ကြည့်ရတာ သူတို့အတွက် အရေးကြီးတဲ့ စခန်းမဟုတ်တာလည်းပါမယ်။ ပြီးတော့ သူတို့တပ်အင်အား ပြန့်တဲ့ အပေါ် အင်အားများဖို့ ပြန်စုတာလည်းဖြစ်မယ်”ဟု ၎င်းက ပြောသည်။

အဆိုပါနယ်မြေတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း ၁၁ နယ်မြေတွင်ပါဝင်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ပိတ်ဆို့တိုက်ခိုက်မှုများရှိသည့်အတွက် ပြီးခဲ့သည့် ဇွန်လအတွင်းက ထိုင်း-မြန်မာနယ်စပ် ပွိုင့် ၃၀၀၀ တပ်စခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ စွန့်ခွာကာ အလားတူ မောတောင်၌ အင်အား ပြန်ဖြည့်နေခြင်းလည်းရှိကြောင်း ပဒိုစောဖလိုစိုးဝင်းက ဖြည့်စွက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့တွင် ၂၇ နှစ်ကြာ တပ်စွဲခဲ့သည့် တနင်္သာရီမြို့နယ်ရှိ အောင်သာဝရ(ဝေ့တူရေ့) တပ် စခန်းကို KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တနင်္သာရီမြစ်ဘေးတွင် အင်အား ၆၀ ခန့်ရှိသည့် ကျောက်လုံးကြီးစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းဆုတ်ခွာပြီး ပုလောမြို့ရှိ တပ်စခန်း၌ အင်အားပြန်ဖြည့်ခဲ့သည်။

ထို့နောက် ဇွန် ၁၉ ရက်နေ့တွင် ခြေလျင်တပ်ရင်း ခလရ -၂၈၅ အပါအဝင် အမှတ်၈ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် အခြေချလှုပ်ရှားသည့် စစ်ကောင်စီတပ်ရင်း ၃ ရင်းနှင့် ပူးပေါင်းကာ အင်အား ၂၀၀ ခန့်နှင့် ကျောက်လုံးကြီးစခန်းသို့ စစ်ကြောင်းပြန်ထိုး တက်လာသည့် အတွက် လမ်းတစ်လျှောက်တွင် KNLA၊ တော်လှန် ရေးပူးပေါင်းတပ်တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

April 11, 2026
“ကော်သူးလေအစိုးရကို ကော်သူးလေအုပ်ချုပ်ရေးကောင်စီဆိုပြီး ပြောင်းလဲသတ်မှတ်ဖို့ ရှိနေတယ်။...
Photo: KIC
April 11, 2026
ကော်သူးလေဖက်ရယ်ယူနစ်တည်ဆောက်ရေးတွင် အဓိကကျသော တော်လှန်ရေးကာလ ကော်သူးလေ ပဋိဉာဉ်ကို...
Photo: KNU
April 10, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ၊ တပ်မဟာ(၇)၊ ဖားအံခရိုင်အတွင်းရှိ အကျဥ်းထောင်မှ...
April 9, 2026
စစ်ခေါင်းဆောင်မင်းအောင်လှိုင် အစိုးရအသစ်အနေဖြင့်တက်လာအပြီး ကရင်ပြည်နယ်၊ ဖားအံမြို့နယ်...