KDHW တံဆိပ်ကို ကျန်းမာရေးကဏ္ဍမှလွဲ၍ အခြားကိစ္စရပ်များတွင် အသုံးမပြုရန် တားမြစ်

KDHW တံဆိပ်ကို ကျန်းမာရေးကဏ္ဍမှလွဲ၍ အခြားကိစ္စရပ်များတွင် အသုံးမပြုရန် တားမြစ်

ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန (KDHW) ၏ တရားဝင်အမှတ်တံဆိပ်ကို ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများမှလွဲ၍ အခြားကိစ္စရပ်များတွင် အသုံးပြုခြင်းကို လုံးဝခွင့်မပြုကြောင်း ဌာနတာဝန်ခံ ပဒိုစောဒိုင်းမွန်းခင်က ပြောသည်။

KDHW သည် ပြည်သူလူထု၏ အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်း ထားသည့် ဌာနတစ်ခုဖြစ်သည့်အလျောက်၊ ဌာန၏အမှတ်တံဆိပ် (Logo) ကို အလွဲသုံးစားပြုလုပ်ခြင်း သို့မဟုတ် ပုံစံတူကူးယူအသုံးပြုခြင်းများကို လက်ခံမည်မဟုတ်ကြောင်း ၎င်းက ပြောသည်။

ပဒိုစောဒိုင်းမွန်းခင်က “ဌာနတာဝန်ရှိသူတစ်ဦးအနေနဲ့ ဒီတံဆိပ်ကို ကော်ပီကူး အသုံးပြုတာကို လုံးဝလက်မခံပါ ဘူး။ ကရင်အမျိုးသားအစည်းအရုံးမှာ ဒီလိုဂိုကို အသုံးပြုခွင့်ရှိတာ KDHW တစ်ခုတည်းပဲ ဖြစ်ပါတယ်။ တခြား အသုံးပြုရိုက်နှိပ်ထားတာမျိုး ရှိရင်လည်း ဆက်လက် အသုံးမပြုကြဖို့ ပြောလိုပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိတွင် အခြားအဖွဲ့အစည်းတစ်ခုခုက KDHW ၏ အမှတ်တံဆိပ်ကို ခွင့်ပြုချက်မရယူဘဲ ပုံတူကူးယူ အသုံးပြုနေခြင်းမျိုး ရှိနေပါကလည်း ၎င်းအနေဖြင့် အဆိုပါလုပ်ရပ်ကို လက်ခံထားခြင်းမရှိကြောင်း အတည်ပြု သည်။

ယခုရက်ပိုင်းအတွင်း ကော်သူးလေအာမီ (KTLA) အဖွဲ့မှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ကော်ဖီထုပ်များတွင် ကျန်းမာရေး အာမခံချက်ရှိကြောင်း ဖော်ပြရာ၌ KDHW ၏ အမှတ်တံဆိပ်ကို ပုံစံတူရိုက်နှိပ်အသုံးပြုထားသဖြင့် ဝေဖန်မှုများထွက်ပေါ်နေခြင်းအပေါ် ပဒိုစောဒိုင်းမွန်းခင်က ယခုကဲ့သို့ တုံ့ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

KDHW သည် ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ရှိ ဌာနတစ်ခုဖြစ်သောကြောင့် အဆိုပါ တံဆိပ်ကို KNU ဗဟိုကော်မတီမှတစ်ဆင့် တရားဝင်တင်ပြကာ အတည်ပြုချက်ရယူထားခြင်းဖြစ်ပြီး၊ ဌာန၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း တရားဝင်ပြဋ္ဌာန်းထားသည့် အမှတ်တံဆိပ် ဖြစ်သည်။

၁၉၅၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် KDHW သည် မြန်မာနိုင်ငံအရှေ့တောင်ပိုင်း KNU ထိန်းချုပ်နယ်မြေ အတွင်းရှိ ဒေသခံပြည်သူများအတွက် ဆယ်စုနှစ်ပေါင်းများစွာ အခြေခံကျန်းမာရေးစောင့်ရှောက်မှုနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို အဓိကထား ဆောင်ရွက်ပေးနေသည့် ကျန်းမာရေးဌာနတစ်ခု ဖြစ်သည်။

Most read this week

ဓာတ်ပုံ - CJ
August 26, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတနှင့် လေးမျက်နှာမြို့နယ်အစပ် တလုတ်ထော်မြို့ဘက်သို့...
August 25, 2026
ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့ တောင်ဘက်ရှိ ဖလူး-မင်းလက်ပံ-ဝေါလေ လမ်းပိုင်းသို့...
ဓာတ်ပုံ - Crd (KNU)
August 25, 2026
ကရင်ပြည်၊ မူတြော် (ဖာပွန်) ခရိုင်ထဲက ကျေးရွာများကို စစ်အုပ်စုတပ်က လက်နက်ကြီး အလုံးရေ ၇၀ ကျော်...
August 24, 2026
ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသည့် လူငယ်များအကြား မူးယစ်ဆေးဝါး...