ဟားခါးအနီး အော်တိုတောင်ကုန်းစခန်းသိမ်းနိုင်ရေး ချင်းပူးပေါင်းတပ် ဆက်လက်ထိုးစစ်ဆင်

ဟားခါးအနီး အော်တိုတောင်ကုန်းစခန်းသိမ်းနိုင်ရေး ချင်းပူးပေါင်းတပ် ဆက်လက်ထိုးစစ်ဆင်

ချင်းပြည်နယ်မြို့တော် ဟားခါးနှင့် ထန်တလန်မြို့ကြားက အော်တိုတောင်ကုန်းစစ်စခန်း သိမ်းပိုက်နိုင်ရေး ချင်းတော်လှန်ရေး တပ်ပေါင်းစုက ၄ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု များပြားကြောင်း ချင်းအမျိုး သားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“ကား ၂ စီးနဲ့ စစ်ကူလာတယ်။ ခြေလျင် လာတာတွေလည်း ရှိတယ်။ ဒါပေမယ့် ကျနော်တို့ ဖြတ်တောက် နိုင်ခဲ့တယ်။ သူတို့ ဘက်ကတော့ အထိအခိုက်တော့ တော်တော် ရှိမယ်။ ဒီနေ့အထိ ဟားခါးဆေးရုံးရောက်တာ ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့က ၅၀ နီးပါး ရောက်တယ်လို့ ကြားတယ်။။ ဆေးရုံးမှာပဲ ၂ ယောက်သေတယ်လို့ သိရတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

ဇူလိုင်လ ၂၂ ရက်မှ စတင်၍ ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရတပ်ဖွဲ့များသည် ဟားခါး- ထန်တလန်ကြားရှိ စစ်ကောင်စီ တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်၊

ဇူလိုင် ၂၂ ရက်ကပင် လုံခါရ်တောင်ရှိ စစ်စခန်း ၃ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အော်တိုတောင်ကုန်းပေါ်က စစ်ကောင်စီစခန်းကို ဇူလိုက်လ ၂၂ ရက်မှ ယနေ့ ၂၅ ရက်အထိ ချင်းပူးပေါင်း တပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီက စစ်အင်အားများ ဖြည့်တင်းနေကြောင်း သိရသည်။

စစ်ကောင်စီသည် ဟားခါးမြို့မှ လက်နက်ကြီးပစ်ကူများ ပေးနေသည့်အပြင် ယမန်နေ့ ဇူလိုင်လ ၂၄ ရက်ကလည်း ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကြဲတိုက်ခိုက်၍ ပစ်ကူပေးခဲ့ကြောင်း၊ ချင်းပူးပေါင်းတပ်များမှ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း ဆလိုင်းထက်နီက ပြောသည်။

ထန်တလန်မြို့ပေါ်တွင်လည်း ဇူလိုင်လ ၂၂ ရက်မှ ယနေ့ ၂၅ ရက်အထိ ချင်းပူးပေါင်းတပ်များက စစ်ကောင်စီ စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

“ထန်တလန်မြို့ထဲမှာက စစ်ကောင်စီက ၃ နေရာမှာ ယူထားသလို့ ကျနော်တို့လည်း နေရာတွေ ယူထားတယ်။ အဲဒီထဲမှာ ပစ်ခတ်မှုတွေ ရှိနေတာပါ။ ထန်တလန်-ဟားခါးကြားမှာ တိုက်ပွဲတွေ စဖြစ်ကတည်းက အဲဒီမှာ ဖြစ်နေတာပါ။ ဟားခါးနဲ့ ထန်တလန်ကြားမှာတော့ အဓိက ဖြစ်နေပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ထန်တလန်မြို့ အားလုံးကို မီးရှို့ဖျက်စီးပြီးနောက် မြို့၏ နေရာ ၃ခုတွင် ဆက်လက်တပ်စွဲထားသကဲ့သို့ ချင်းပူးပေါင်းတပ်ကလည်း မြို့ပေါ်တွင် နေရာယူတပ်စွဲထားခြင်းဖြစ်ကာ လက်ရှိတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

ဇူလိုင်လ ၂၀ ရက်တွင် ဟားခါးမြို့မရဲစခန်းကို CDF - ဟားခါးက ဝင်ရောက်စီးနင်း၍ CDF တပ်ဖွဲ့ဝင် ၁၃ ဦးအပါအဝင် အကျဉ်းသား ၆၀ ကျော်ကို ကယ်ထုတ်ပြီးနောက် ၂ ရက်ကြာအတွင်း ထန်တလန်မြို့နှင့် ဟားခါး- ထန်တလန်ကြားက စစ်ကောင်စီစခန်းများကို ချင်းပူးပေါင်းတပ်က တပြိုက်နက် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

အော်တိုတောင်ကုန်းတိုက်ပွဲနှင့် လုံခါရ်တောင်ကုန်းက တိုက်ပွဲများသည် ဟားခါးမြို့ စစ်ကောင်စီတပ်နှင့် ထန်တလန်မြို့ စစ်ကောင်စီတပ်တွေကြား ချိတ်ဆက်ထားမှုကို ဖြတ်တောက်ပစ်နိုင်ရေး ရည်ရွယ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ချင်းပူးပေါင်းတပ်များက လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိထားကြောင်း သိရသည်။

ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ တပ်ဖွဲ့များဖြစ်သည့် ချင်းအမျိုးသားတပ်မတော် CNF/ CNA ၊ CDF - ဟားခါး၊ CDF - ထန်တလန်၊ CDF - ဇုံဖေ၊ CDF - လောက်တူ၊ CDF - Senthang၊ CDF-KKG၊ People Defence Army – PDA ၊ CDF-Hualngoram၊ CDF – Vakok စသော ချင်းပူးပေါင်းတပ်ဖွဲ့ ၁၀ ဖွဲ့ ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။

April 11, 2026
ဝါရင့်နိုင်ငံရေးသမားနှင့် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့်...
April 10, 2026
ထန်တလန်မြို့အပါအဝင် ချင်းပြည်နယ်အတွင်းရှိ စစ်ကော်မရှင်တပ်စခန်းအားလုံးကို...
April 9, 2026
အာဏာသိမ်း စစ်ကော်မရှင်သည် တရားဝင်မှု အပေါ်ယံလွှာကို ဖန်းတီးနိုင်ရေးအတွက် အတုအယောင် ရွေးကောက်ပွဲ...
April 8, 2026
လက်ရှိ စစ်ကော်မရှင်ခန့် ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွင်းထန်ကိုပင် စစ်အစိုးရသစ်၏...