ကေအဲန်ယူ ဒုဥက္ကဌဟောင်း ပဒိုနော်စီဖိုးရာစိန် ကွယ်လွန်

ကေအဲန်ယူ ဒုဥက္ကဌဟောင်း ပဒိုနော်စီဖိုးရာစိန် ကွယ်လွန်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဌဟောင်း၊ ကရင်အမျိုးသမီးအစည်းအရုံး၏ ခေါင်းဆောင်ဟောင်း နှင့် လက်ရှိအကြံပေးပုဂ္ဂိုလ်ဖြစ်သူ ပဒိုနော်စီဖိုးရာစိန် (၆၉)နှစ်သည်  ကင်ဆာ ရောဂါဖြင့်၊ ထိုင်း-မြန်မာနယ်စပ်ရှိ နေအိမ်၌ ဇူလိုင် ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၂ မိနစ်အချိန်တွင် ကွယ်လွန် သွားကြောင်း မိသားစုဝင်များ ထံမှ သိရသည်။

ပဒိုနော်စီဖိုးရာစိန်သည် ကေအဲန်အယ်လ်အေ စစ်ဦးစီးချုပ်ဟောင်းနှင့် ကေအဲန်ယူ ဥက္ကဌဟောင်းဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးစောတာမလာဘော၏ သားသမီး ၈ဦးထဲမှ ၄ဦးမြောက်ဖြစ်သည်။ သူမသည် ၂၀၀၀ခုနှစ်မှစ၍ ၂၀၀၈ခုနှစ်အထိ ကရင်အမျိုးသမီးအစည်းအရုံး(KWO)၌ အထွေထွေ အတွင်းရေးမှူးအဖြစ် ရွေးကောက် တင်မြှောက် တာဝန်ပေးခြင်းခံရသည်။

ထို့အပြင် အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ(WLB) ဖွဲ့စည်းတည်ထောင် ရာ၌ ပါဝင်ခဲ့သလို သဘာပတိ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ခဲ့သည်။

ကရင့်တော်လှန်ရေးတွင် ပညာရေး၊ အမျိုးသမီးရေးရာနှင့် နိုင်ငံရေးအခန်းကဏ္ဍများတွင် တာဝန်မျိုးစုံကို ထမ်းဆောင်ခဲ့သူ ပဒိုနော်စီဖိုးရာစိန်သည် ကေအဲန်ယူ၏ ၁၄ကြိမ်မြောက်ကွန်ဂရက်တွင် အထွေထွေ အတွင်းရေး မှူးချုပ်အဖြစ်လည်းကောင်း ၁၅ကြိမ်မြောက် ကေအဲန်ယူ ကွန်ဂရက်၌လည်း ဒုဥက္ကဌအဖြစ်လည်းကောင်း ရွေးကောက်ခံရကာ တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။

ပဒိုနော်စီဖိုးရာစိန်သည် အထွေထွေအတွင်းရေးမှူးချုပ် တာဝန်ထမ်းဆောင်နေစဉ် ကေအဲန်ယူ အပစ်ရပ်ဆွေးနွေး ရေးအဖွဲ့ကို ဦးဆောင်ကာ ၂၀၁၂ ခုနှစ် ဧပြီ ၆ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြည်ထောင်စု အဆင့်အပစ်ရပ် သဘောတူ ညီမှုရရှိခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ၌ ကေအဲန်ယူ ဒုဥက္ကဌ တာဝန်ထမ်းဆောင်ရင်း ပြည်တွင်း၌ NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးခွန်ထွန်းဦး၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ စသည်တို့နှင့်တွေ့ဆုံကာ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ အရေး ကိစ္စများကို ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ထို့အပြင် ပြည်တွင်း၊ နယ်စပ်ဒေသ၊ ပြည်နယ်အတွင်းရှိ အလွှာစုံ ကရင်တို့နှင့်တွေ့ဆုံကာ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ချပြပြီး လူထုသဘောထားကို အမြဲနားထောင်ခဲ့ဖူးသည်။

ယခုလို ပဒိုနော်စီဖိုးရာစိန်ကွယ်လွန်သွားသည့်အတွက် ပြည်တွင်း၊ ပြည်ပရှိ ကရင်ပြည်သူတို့ ဝမ်းနည်းကြောင်း လူမှုကွန်ယက်စာမျက်နှာများတွင် ဖြန့်ဝေနေသလို ဆက်သွယ်ပြော ဆိုမှုများလည်းရှိကြောင်း သိရသည်။ သူမ နာရေးအစီအစဉ်အသေးစိတ်ကို လက်ရှိအချိန်တွင် မိသားစုဝင်များနှင့် ကေအဲန်ယူတို့က စီစဉ်လျက်ရှိကြောင်း ကနဦး သိရသည်။

Most read this week

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...