ကော့ကရိတ်မြို့ခံ စစ်ရှောင်များ စားနပ်ရိက္ခာ လိုအပ်ချက်ကြီးမားနေ

ကော့ကရိတ်မြို့ခံ စစ်ရှောင်များ စားနပ်ရိက္ခာ လိုအပ်ချက်ကြီးမားနေ

ကော့ကရိတ်မြို့နယ်တောင်ပိုင်းရှိကျေးရွာအချို့၌ စစ်ဘေးရှောင်နေရသည့် ပြည်သူများသည် ၇ လကြာ သည်အထိ နေရပ်မပြန်နိုင်သေးသောကြောင့် စားနပ်ရိက္ခာလိုအပ်ချက် ကြီးမားလျက်ရှိသည်ဟု စစ်ရှောင် အရေးကူညီးသူအချို့ထံမှ သိရသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ကော့ကရိတ်မြို့ပေါ် တိုက်ပွဲများကြောင့် နော်တရာ၊ ထို့ကော်ကိုး၊ နဘူး၊ ရေပူချောင်း၊ သရက်တောနှင့် သကြားချောင်းရွာများရှိ ၎င်းတို့၏ နီးစပ်ရာ အသိ၊ မိတ်ဆွေ၊ ဆွေမျိုးများ၏ နေအိမ်နှင့် ဘုန်းကြီးကျောင်းများတွင် နေထိုင်နေကြသူများ ဖြစ်သည်။

လက်ရှိတွင် အဆိုပါ စစ်ရှောင်များသည် အဓိက အခြေခံအစားအသောက်များဖြစ်ကြသော ဆန်၊ ဆီ၊ ဆား စသည်တို့ လိုအပ်ချက် ကြီးမားလျက်ရှိသည်ဟု သိရသည်။

ထို့အပြင် မိုးရာသီကာလဖြစ်သဖြင့် နေရာထိုင်ခင်း မလုံလောက်မှုနှင့် သွားလာရေး အခက်အခဲများကိုလည်း ရင်ဆိုင်နေကြရသည်။

“စစ်ရှောင်ဦးရေက စုစုပေါင်း ၁,၀၀၀ ကျော် ရှိတယ်။ အဲဒီမှာ ၉၉ ရာခိုင်နှုန်းက ကော့ကရိတ်မြို့ခံဖြစ်ပြီး အခြေအနေအမျိုးမျိုးကြောင့် ပြန်လို့မရ ဖြစ်နေသေးတယ်” ဟု စစ်ဘေးရှောင်အတွက် အစားအ သောက်နှင့်ပတ်သက်၍ ကူညီထောက်ပံ့နေသူတစ်ဦးက ပြောသည်။  

အဆိုပါနေရပ်စွန့်ခွာသူတို့သည် အလုပ်အကိုင်အခွင့်အလမ်းများလည်း မရှိကြသောအခါ အချိန် ကာလကြာလာသည်နှင့်အမျှ အစားအသောက်များနှင့် မိသားစုဝင်များ၏ အထွေထွေ အသုံးစရိတ်များအတွက် လိုအပ်လျက်ရှိသည်ဟု ၎င်းကဆက်ပြောသည်။

စစ်ရှောင် အမျိုးသမီးတစ်ဦးကလည်း “တိုက်ပွဲရဲ့ အခြေအနေပေါ် မူတည်ပြီး အိမ်ကို နှစ်ခေါက်၊ သုံးခေါက်လောက် ပြန်ချောင်းကြည့်ပြီး အရေးကြီးတဲ့ အရာတွေ ယူလို့ရသေးရင် ယူပြီး ပြန်လာတယ်။ အခြားလူတွေလည်း ပြန်ကြတယ်လေ။ တချို့ဆို ၂ ရက်၊ ၃ ရက်နေပြီး အိမ်က ယူလာလို့ ရတာတွေ ယူပြီး ပြန်လာကြတာပဲ” ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း ကော့ကရိတ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းနှင့် တပ်ရင်းနေရာများက လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်မှုများ လုပ်ဆောင်နေသလို စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်နေသည့်အတွက် ဒေသခံများ နေရပ်ပြန်နိုင်ရန် မလွယ်ကူသေးသည့် အခြေအနေတွင် ရှိနေသည်။

ထို့ကြောင့် လက်ရှိရောက်နေသောနေရာတွင် မိသားစုဘဝရှေ့ရေးအတွက် ပြန်လည်စတင်ရန် စဉ်းစားထားကြောင်း စစ်ရှောင်အမျိုးသမီးက ဆိုသည်။

အဆိုပါ စစ်ရှောင်များသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက် အစောပိုင်းတွင် ကရင်အမျိုး သားလွတ်မြောက်ရေး တပ်မတော် (KNLA) ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များ ကော့ကရိတ်မြို့တွင်းနှင့် စစ်ကောင်စီတပ်စွဲထားသည့် နေရာများ၌ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...