တရုတ်နယ်စပ်၊ကန်ပိုက်တီအထက်တန်းကျောင်းပိတ်ထားမှု တစ်လနီးပါးကြာမြင့်လာပြီး ကျောင်းပြန်ဖွင့်ဖို့ မျှော်လင့်နေ

တရုတ်နယ်စပ်၊ကန်ပိုက်တီအထက်တန်းကျောင်းပိတ်ထားမှု တစ်လနီးပါးကြာမြင့်လာပြီး ကျောင်းပြန်ဖွင့်ဖို့ မျှော်လင့်နေ

ကချင်ပြည်နယ်၊ တရုတ်နယ်စပ်၊ ကန်ပိုက်တီမြို့က အထက်တန်းကျောင်းပိတ်ထားတာ တစ်လနီးပါးရှိလာပြီဖြစ်ပြီး ကျောင်းပြန်ဖွင့်ဖို့ ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေ စောင့်မျှော်နေကြပါတယ်။

ကန်ပိုက်တီအထက်တန်းကျောင်းကို စစ်ရေး၊နိုင်ငံရေးအခြေအနေကြောင့် ယာယီပိတ်ဖို့ ပညာရေးရုံးကို စာတင်လိုက်တာဖြစ်ပြီး တစ်လနီးပါးကြာလာတဲ့အတွက် ကျောင်းပြန်ဖွင့်ဖို့ စာပြန်တင်ထားတယ်လို့ ကန်ပိုက်တီဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ကျောင်းဖွင့်ဖို့ အကုန်လုံးစောင့်နေကြတယ်။ ကျောင်းအုပ်က နိုင်ငံရေးအခြေအနေကြောင့် ကျောင်း(ယာယီ)ပိတ်သိမ်းတဲ့ စာသွားထည့်လိုက်တာ။ အဲဒါကြောင့် ပြန်ဖွင့်ဖို့ စာပြန်ထည့်ထားတာ။”လို့ အထက်ပါဒေသခံက ပြောပါတယ်။

စစ်ရေးအခြေအနေကြောင့် ကန်ပိုက်တီအထက်တန်းကျောင်းက ကျောင်းဆရာ/မတွေ ထွက်ပြေးတိမ်းရှောင်သွားပြီးနောက် ကျောင်းအုပ်ကြီးက ယာယီကျောင်းပိတ်ဖို့ ပညာရေးမှူးရုံးကို စာတင်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ကန်ပိုက်တီ အထက်တန်းကျောင်း စဖွင့်တဲ့အချိန် ကျောင်းဆရာ/မ မလုံလောက်တဲ့အတွက် မူလတန်းအထိသာသင်ကြားပေးခဲ့ပြီး နောက်ပိုင်း တိုးချဲ့ခန့်အပ်ထားပေမဲ့ ထွက်ပြေးတိမ်းရှောင်သွားခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ကန်ပိုက်တီကျောင်းပိတ်ထားတဲ့အတွက် ကျောင်းသူကျောင်းသားတွေ စာမသင်ကြားရတာကြောင့် တရုတ်ကျောင်းနဲ့ နီးစပ်ရာအသိတွေမှာ ပညာသင်ယူနေရတယ်လို့လည်း ကျောင်းသားမိဘတစ်ဦးရဲ့ ပြောချက်အရ သိရပါတယ်။

ကန်ပိုက်တီအထက်တန်းကျောင်းဟာ ကျောင်းဖွင့်ပြီး တစ်ပတ်ကျော်အကြာမှာ စစ်ရေးအခြေအနေတွေကြောင့် ကျောင်းကိုယာယီပိတ်ထားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ကစပြီး ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာအထက်ဘက် ဆဒုံး-ကန်ပိုက်တီလမ်းတစ်ကြောက စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ရေးတင်းမာနေတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

June 30, 2026
စိုင်းခေ — ကော်ဖီသောက်ရင် သေဒဏ်ပေးမယ်ဆိုတဲ့ အမိန့်တစ်ခု စာဖတ်သူနေတဲ့ ဒေသမှာ ရှိတယ်ဆိုရင်...
June 29, 2026
ကချင်ပြည်နယ်မှာ စစ်အုပ်စုလုပ်တဲ့ တက္ကသိုလ်ဝင်တန်းအောင်မြင်သူဟာ အယောက် ၆,၀၀၀ ကျော်ရှိတယ်လို့...
June 25, 2026
အာဏာသိမ်းစစ်တပ်နဲ့ သတင်းပေးတာ၊ သတင်းယူတာအပြင် သူလျှို(ဒလန်)တွေ မပြုလုပ်ကြဖို့...
June 24, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO) ထိန်းချုပ်ရာ မိုင်ဂျာယန်မြို့မှာ ဖွင့်လှစ်သင်ကြားနေတဲ့...