တိုက်ပွဲဖြစ်ပွားနေတဲ့ မိုးကုတ် ၊ ကျောက်မဲ တွေမှာ ကုန်စည်ပြတ်လပ်

တိုက်ပွဲဖြစ်ပွားနေတဲ့ မိုးကုတ် ၊ ကျောက်မဲ တွေမှာ ကုန်စည်ပြတ်လပ်

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းဒေသကြီး နယ်စပ်တွေမှာဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ် နဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ NUG PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ပွဲကြောင့် ကုန်စည်ပြတ်လပ်သွားပြီဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်မှာ တိုက်ပွဲကြောင့် ကုန်စည်ပြတ်လပ်မှုဖြစ်ပေါ်ပြီး စျေးဆိုင်များ နဲ့ စျေးတွေ ပိတ်ထားရတာဖြစ်တယ်လို့ မိုးကုတ်ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။

“ ဘာမှဝယ်လို့မရတာက ဟုတ်တယ်။ ရောင်းတဲ့ဟာတွေကလည်း အရင်ကဝယ်ထားတဲ့ဟာတွေ ၊ ကြက်ဥတွေတောင် ဝယ်မရတော့ဘူး။ ခေါက်ဆွဲတွေကောပဲ” လို့ မိုးကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။

မိုးကုတ်မြို့အတွက် ကုန်စည်များကို မန္တလေး နဲ့ မိုးမိတ်မြို့တွေက အဓိကထား တင်သွင်းနေရတာဖြစ်ပြီး လက်ရှိ လမ်းပိုင်းအားလုံး ဖြတ်တောက် ပိတ်ဆို့ခံထားရတဲ့အခြေအနေဖြစ်ကြောင်း ဒေသခံတွေက ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် မိုးကုတ်-မန္တလေးလမ်းပိုင်းပိတ်ထားရသလို လမ်းပိုင်းမှာလည်း လမ်းဖြတ်တောက်ဖျက်ဆီးခံထားရမှုတွေရှိတယ်လို့ စစ်ဘေးတိမ်းရှောင်လာသူတွေဆီကနေ သိရှိရပါတယ်။

တိုက်ပွဲအတွင်း လက်နက်ကြီးကျည်ကြောင့် အရပ်သားများ ၊ ကိုရင်များ သေဆုံးမှုတွေရှိနေပြီး လက်နက်ကြီးပစ်ခတ်မှုတွေအဆက်မပြတ်ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ကျောက်မဲမြို့နယ်မှာလည်း TNLA က မြို့ပေါ်ကို ထိန်းချုပ်လိုက်ပြီးတဲ့နောက် ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စျေးဆိုင်တွေလည်း မရှိသလောက်ဖြစ်သွားတယ်လို့ စုံစမ်းသိရှိရပါတယ်။

TNLA ရဲ့ ၁၀၂၇ အပိုင်း(၂) စစ်ဆင်ရေးမှာ ရှမ်းပြည်မြောက်ပိုင်းက နောင်ချို ၊ ကျောက်မဲ ၊ သီပေါ ၊ မိုးကုတ် ၊ မိုးမိတ် စတဲ့မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို အဓိကထား ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲရက်ပိုင်းအတွင်း နောင်ချို ၊ ကျောက်မဲ မြို့ပေါ်တွေကို ထိန်းချုပ်ထားနိုင်ကြောင်း ကြေညာထားပါတယ်။

Most read this week

ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...
ရှမ်းနီအသံ (ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသတွင် ရေကြီးနေသည့်ပုံရိပ်များ)
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး...