တိုက်ပွဲများကြောင့် အင်းတော်ကြီးဒေသက စာသင်ကျောင်းအားလုံးပိတ်ထားရကာ ကျောင်းသူ/သား တစ်သောင်းနီးပါး စာမသင်ရ

တိုက်ပွဲများကြောင့် အင်းတော်ကြီးဒေသက စာသင်ကျောင်းအားလုံးပိတ်ထားရကာ ကျောင်းသူ/သား တစ်သောင်းနီးပါး စာမသင်ရ

မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသအတွင်းမှာ  တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မငြိမ်မသက်မှုတွေရှိနေတာကြောင့်  ဒေသတွင်းကစာသင်ကျောင်းအားလုံး ပိတ်ထားရတာ ရက်သတ္တပတ်ရှိလာပြီဖြစ်တယ်လို့ ဆရာ/ဆရာမများထံကနေ သိရပါတယ်။

“ ငါတို့ရွာက နှစ်ကျောင်းလုံးပိတ်ထားတယ် ဟိုဘက်ညောင်ပင်ဘက်တို့အင်းအနောက်ကမ်းကတွေလည်း အကုန်ပိတ်ထားတယ်ကြားတယ် ဘယ်သူဖွင့်ရဲကြမလဲအေး ဆရာဆရာမတွေလည်း အကုန်ပြန်သွားကြပြီ မနေ့တစ်နေ့က” လို့ အင်းတော်ကြီးဒေသတွင် တာဝန်ကျသူ ဆရာမတစ်ဦးက ပြောပြပါတယ်။

မပြင်ကျေးရွာမှာက အခြေခံပညာ စာသင်ကျောင်း(၁)ကျောင်းနဲ့  မူလတန်းကျောင်း(၁)ကျောင်းဖွင့်လှစ်ထားရှိထားတာဖြစ်ပြီး ယခုလက်နက်ကိုင်တိုက်ပွဲတွေကြောင့် မပြင်ကျေးရွာတစ်ရွာတည်းမှာပင် ကျောင်းသား/သူဦးရေစုစုပေါင်း (၇၀၀)ခန့်က စာသင်ကြားခွင့်ရပ်နားထားရတာဖြစ်ပါတယ်။

တိုက်ပွဲများကြောင့်လည်း အဝေးမှ လာရောက်သင်ကြားနေကြတဲ့ ဆရာ/မတွေဟာ စစ်ဘေးတိမ်းရှောင်ထွက်သွားကြတယ်လို့ စုံစမ်းသိရပါတယ် ။

ပြီးခဲ့တဲ့သီတင်းပတ် ဇွန်လ(၂၁)ရက်နေ့ သောကြောနေ့ကနေစတင်ပြီး အင်းတော်ကြီးဒေသအတွင်းက စာသင်ကျောင်းအချို့ စတင်ပိတ်ထားခဲ့ကြတာဖြစ်ပြီး အခုရက်ပိုင်းတွေမှာတော့ ကျေးရွာအားလုံးကစာသင်ကျောင်းများ ရပ်နားပိတ်ထားကြပြီဖြစ်ကာ ပြန်လည်ဖွင့်လှစ်နိုင်မယ့်ရက်ကိုလည်း ကြားသိရခြင်းမရှိသေးဘူးလို့ ဆိုကြပါတယ်။

“ ပိတ်ထားတယ်။ စာသင်ကျောင်းကတော့ တနင်္လာနေ့ကစပိတ်တာ။  တိုက်ပွဲကတော့ မဖြစ်သေးဘူး။ ရှုပ်မှာစိုးလို့နေမှာပေါ့ ။ နန့်မီးလောင်လည်း ပိတ်ထားတယ်” လို့ နန့်မွန်းမြို့ခံ ရပ်မိရပ်ဖ တစ်ဦးက ပြောပါတယ်။

ယခုလ ဇွန်လ(၃)ရက်နေ့ကမှ စာသင်ကျောင်းများစတင်ဖွင့်လှစ်ခဲ့ကြတာဖြစ်တာကြောင့်  ပိတ်ရက်များမပါရှိပါက ကလေးတွေရဲ့စာသင်ရက်က (၁၀)ရက်ကျော်သာ ရှိပါသေးတယ်။

အင်းတော်ကြီးဒေသမှာ အထကကျောင်း (၁၀) ကျောင်း ၊  အလကကျောင်း (၉) ကျောင်း နှင့်  မူလတန်း နှင့် မူကြိုကျောင်း ၁၀ ကျောင်းနီးပါးရှိတယ်လို့ သိရပါတယ်။

အင်းတော်ကြီးဒေသအတွင်းမှာ အခု ဇွန်လ (၂၃)ရက်နေ့ကနေစတင်ပြီး KIA+PDF ပူးပေါင်းတပ်ဖွဲ့များက  ကျေးရွာပြည်သူ့စစ်တပ်ဖွဲ့များရဲ့ ကာကင်းတွေကို အင်အားအလုံးအရင်းဖြင့်တိုက်ခိုက်သိမ်းပိုက်မှုတွေ ပြုလုပ်နေတာကြောင့် ဒေသတွင်းမငြိမ်မသက်မှုတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

May 16, 2026
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ပေါ်တွင်  ယာယီစစ်ဘေးတိမ်းရှောင်နေသော...
May 15, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းမှာ ရှမ်းနီဆရာဖြစ်သင်တန်းတွေနဲ့...
May 13, 2026
ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့မှာ ရှမ်း(၅)မျိုးကို ကိုယ်စားပြုတဲ့ သျှမ်းမျိုးနွယ်စုရေးရာ(SEA)...
May 12, 2026
၂၀၂၃ ခုနှစ်ကုန်ပိုင်းကနေ လေးနှစ်နီးပါး ပိတ်ပင်ထားခဲ့တဲ့ မန္တလေး-မြစ်ကြီးနားဗျူဟာလမ်းပိုင်းကို...