IEC ဖွဲ့စည်းပြီး တစ်နှစ်အတွင်း ငွေကြေးရန်ပုံငွေ ကျပ်သန်းပေါင်း (၈၃၁၀) ရရှိပြီး လူသားချင်းစာနာထောက်ထားရေးကဏ္ဍမှာ အများဆုံးအသုံးပြုခဲ့

IEC ဖွဲ့စည်းပြီး တစ်နှစ်အတွင်း ငွေကြေးရန်ပုံငွေ ကျပ်သန်းပေါင်း (၈၃၁၀) ရရှိပြီး လူသားချင်းစာနာထောက်ထားရေးကဏ္ဍမှာ အများဆုံးအသုံးပြုခဲ့

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ဖွဲ့စည်းခဲ့တဲ့ တစ်နှစ်တာအတွင်းမှာ ငွေကြေးရန်ပုံငွေ ကျပ်သန်းပေါင်း (၈၃၁၀) ရရှိပြီး လူသားချင်းစာနာထောက်ထားရေးကဏ္ဍမှာ အများဆုံးအသုံးပြုခဲ့တယ်လို့ IEC အတွင်းရေးမှူး(၂) ဦးဗညားက ပြောပါတယ်။

“ လက်ရှိအခု ကျနော်တို့ ငွေကြေးပမာဏကို အခြေခံပြီးတော့ ပြောရမယ်ဆိုရင်တော့ အများဆုံး အသုံးပြုတာကတော့ လူသားချင်းစာနာထောက်ထားမှု ပိုင်းမှာ အများဆုံးသုံးတယ်။ အများဆုံးကတော့ နိုင်ငံတကာအကူအညီ တွေထဲက အများဆုံးဖြစ်တာပေါ့။ နိုင်ငံတကာအကူအညီလို့ ပြောတဲ့ အချိန်မှာ ဒီ Grant တွေကနေပေါ့။ နိုင်ငံတကာမှာရှိနေတဲ့ NGOတွေ INGO တွေကနေတဆင့် ကျနော်တို့ ရရှိတဲ့ ငွေကြေးက အများစုဖြစ်နေတယ်လို့ ကျနော်တို့ တွေ့ရတယ်ပေါ့။“ လို့ ဦးဗညားက ဆိုပါတယ်။

IEC ကတော့ ၂၀၂၄ခုနှစ် ဇွန်လ (၆)ရက်နေ့မှာ တစ်နှစ်ပြည့်တာဖြစ်ပြီး စုစုပေါင်းရန်ပုံငွေ ကျပ်သန်းပေါင်း (၈၃၁၀) ရရှိခဲ့ပြီး ကျပ်ငွေ (၆၁၈၇)သန်းကိုတော့ ကဏ္ဍအသီးသီးမှာ ခွဲဝေသုံးစွဲခဲ့တယ်လို့ တစ်နှစ်ပြည့် မိန့်ခွန်းမှာ IEC ဥက္ကဌ ခူဦးရယ်က ပြောဆိုထားပါတယ်။

“ လူသားချင်းစာနာထောက်ထားရေးကဏ္ဍမှာလည်း ရရှိလာတဲ့ ရန်ပုံငွေတွေနဲ့ အမှန်တကယ်လိုအပ်နေသူတွေဆီကို အကူအညီရောက်ရှိနိုင်ဖို့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်းတွေ၊ ဒေသအသီးသီးမှာရှိကြတဲ့ စစ်ဘေးရှောင်ကော်မတီတွေနဲ့ ပူးပေါင်းပြီး ဖော်ဆောင်ပေးလျက်ရှိပါတယ်။ တစ်နှစ်တာအတွင်း အရေးပေါ်တုန့်ပြန်မှုနဲ့ စားနပ်ရိက္ခာဖြန့်ဝေမှုကို စစ်ဘေးရှောင်ဦးရေ တစ်သိန်းခွဲအထိ လက်လှမ်းမီ ဖြန့်ဝေနိုင်ခဲ့ပါတယ်။ “ လို့ ခူဦးရယ်ကပြောပါတယ်။

ရရှိထားတဲ့ ရန်ပုံငွေတွေဟာ အခွန်ကောက်ခံမှု၊ အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ ထောက်ပံ့မှု ၊ နိုင်ငံတကာ အလှူရှင် အဖွဲ့အစည်းတွေရဲ့ ပံ့ပိုးပေးမှု ၊ တတိယနိုင်ငံမှာ အခြေချနေထိုင်တဲ့ ကရင်နီလူမှုအသိုင်းအဝန်းရဲ့ ပံ့ပိုးမှု ၊ တစ်သီးပုဂ္ဂလအလှူရှင်တွေရဲ့ ပံ့ပိုးပေးမှု စတာတွေကနေ ရရှိထားတာဖြစ်တယ်လို့ ဆိုပါတယ်။

“ သေချာတာတစ်ခုကတော့ ပညာရေးဌာနရဲ့ အသုံးစရိတ် ကတော့ ဆက်ပြီးတော့ရှိနေဦးမယ်။ အမြင့်ဆုံးလည်း ဆက်ဖြစ်သွားနိုင်တာပေါ့။ တခြားတစ်ဖက်မှာတော့ ဒီလူသားချင်းစာနာထောက်ထားမှု အခြေအနေကလည်း ဆက်ဖြည့်စွက်ရမယ့် အခြေအနေဖြစ်တဲ့အတွက်ကြောင့်မလို့ ပထမ မဟုတ်လည်း ဒုတိယ အမြင့်ဆုံး အသုံးစရိတ်အောက်မှာလည်း ဆက်ရှိနေဦးမှာဖြစ်ပါတယ်။ “ လို့ ဦးဗညားက ဆက်ပြောပါတယ်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) မှာ ဌာနပေါင်း (၈) ခုဖွဲ့စည်းထားပြီး ကဏ္ဍအလိုက် ဝန်ဆောင်မှု လုပ်ငန်းတွေကို ဆောင်ရွက်နေလျက် ရှိပါတယ်။ လက်ရှိအချိန်ထိမှာတော့ ကရင်နီပြည်က မြို့နယ် ၈ ခု မှာ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။

Most read this week

December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...
Photo credit - CJ
December 9, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ကော်မရှင် တပ်စွဲထားတဲ့ ပတ်ဝန်းကျင်တွေရှိ...
Photo credit - CJ
December 8, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း နှစ်ခုမှာ အိမ်ရှင်မတွေရဲ့...
December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...