နှစ် ( ၆၀) ပြည့် ကယန်းအမျိုးသားလက်နက်ကိုင် တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပ

နှစ် ( ၆၀) ပြည့် ကယန်းအမျိုးသားလက်နက်ကိုင် တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပ

ဇွန်လ(၄)ရက်နေ့မှာ ကျရောက်တဲ့ နှစ် (၆၀) ပြည့် ကယန်းအမျိုးသားလက်နက်ကိုင် တော်လှန်ရေးနေ့ အခမ်းအနားတစ်ရပ်ကို ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းဒေသ၊ ဆီးဘူးကျေးရွာအနီးမှာရှိတဲ့ ကယန်းပြည်သစ်ပါတီရဲ့ ဗဟိုဌာနချုပ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးနေ့ အခမ်းအနားကို ကယန်းပြည်သစ်ပါတီ ဗဟိုဌာနချုပ်အပါအဝင် ကယန်းဒေသအတွင်း နေရာ (၆) နေရာမှာလည်း ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

နှစ် ( ၆၀) ပြည့် ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးနေ့ အခမ်းအနားမှာ ကယန်းအမျိူးသားအလံ၊ ကယန်းပြည်သစ်ပါတီအလံနဲ့ ကယန်းပြည်သစ်တပ်မတော်အလံတွေကို အလေးပြုတာတွေ၊ ကယန်းပြည်သစ်ပါတီ ဥက္ကဌ ဦးသန်းစိုးနိုင် ၊ ကယန်းပြည်သစ်တပ်မတော် စစ်ရေးချုပ် ဦးငိန်းမြားနို နဲ့ ကယန်းပြည်သစ်တော်လှန်ရေးကောင်စီ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ တို့ရဲ့ မိန့်ခွန်းကို ဖတ်ကြားတာတွေ၊ မဟာမိတ်အဖွဲ့အစည်းတွေက ပေးပို့တဲ့ သဝဏ်လွှာတွေကို မှတ်တမ်းတင် တာတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် အခမ်းအနားမှာ ကယန်းပြည်သစ်တပ်မတော် တပ်ဖွဲ့ဝင် ( ၃၀၀ ) ခန့်က ချီတက်စစ်ရေးပြတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။

ကယန်းပြည်သစ် တော်လှန်ရေးကောင်စီ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဗိုလ်ချူပ်အိုင်နော်ထားရဲ့ မိန့်ခွန်းကို ကိုယ်စားလှယ်တစ်ဦးက ဖတ်ကြားရာမှာ “စစ်အာဏာရှင်စနစ်ဟာ နေဝင်ချိန်ဖက်ကို နှစ်မှလ၊ လမှရက်၊ ရက်မှစက္ကန့် အချိန်ရောက်ရှိပြီး မိမိတို့တော်လှန်ရေးအင်အားစုအား ညီညွှတ်ရေးမှာလည်း အသက်သမျှအရေးကြီးပြီး ညီညွှတ်ရေးကို မျက်လုံးအိမ်သဖွယ်ထိန်းသိမ်းသွားကြဖို့ တိုက်တွန်းလိုပါသည်။ စစ်အာဏာရှင်ရဲ့ အန္တာရာယ်အားလုံးကို ဖျက်သိမ်းပြီး မိမိတို့ကယန်းအမျိုးသားပြည်သူလူထုက အုပ်ချူပ်ရေးလုပ်ငန်း၊ ကာကွယ်ရေးလုပ်ငန်း၊ ပညာရေးလုပ်ငန်း၊ ကျန်းမာရေးလုပ်ငန်းနှင့် လူမှုရေးလုပ်ငန်း စသည့် အခန်းကဏ္ဍလုပ်ငန်းများနှင့်အညီ နွေဦးတော်လှန်ရေးကပေးအပ်သော တာဝန်ကို ကယန်းပြည်သစ်ပါတီ၏ နိုင်ငံခေါင်းဆောင်မူအောက်က ကယန်းပြည်သစ် တပ်မတော်နှင့်အတူ ကယန်းပြည်သစ် တော်လှန်ရေးကောင်စီ၊ ပြည်သူ့အုပ်ချူပ်ရေးအဖွဲ့ဝင်တွေက စွမ်းစွမ်းတမံ ဆောင်ရွက်နေတာဘဲဖြစ်ပါတယ်။” လို့ ဆိုထားပါတယ်။

ကယန်းပြည်သစ်ပါတီဟာ ၁၉၆၄ ခုနှစ် ဇွန်လ (၄) ရက်နေ့မှာ ဖယ်ခုံမြို့နယ်ရှိ ပီကင်းရဲစခန်းကို စတင်တိုက်ခိုက်ခဲ့ရာမှ လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့တာဖြစ်ပြီး ၁၉၉၄ ဇူလိုင်လ (၂၆) ရက်နေ့မှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး (နဝတ) စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ယူခဲ့တာဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေးယူပြီးနောက်မှာ ကယန်းဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ ပညာရေး၊ ကျန်းမာရေးစတဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးဟာ ၁၉၆၄ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့မှာ စတင်ခဲ့တာကြောင့် အခုဆိုရင် နှစ် (၆၀) တိုင်ခဲ့ပြီးဖြစ်ပါတယ်။

Most read this week

June 16, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာခံနဲ့ စစ်ဘေးရှောင်တွေ နေထိုင်တဲ့နေရာတွေမှာ...
June 15, 2026
ကရင်နီပြည်တစ်နေရာမှာ ကညားမော်ဖောင်ဒေးရှင်းက ဦးဆောင်ပြုလုပ်ခဲ့တဲ့ တစ်လခွဲကြာ...
June 13, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက ဆိုလဖဲခို ကျေးရွာမှာ ရာသီတုပ်ကွေးကြောင့် ဒေသခံတွေ...
June 13, 2026
“ကျမတို့ စနစ်သစ်မှာဆိုရင် ကျောင်းသား ၃၀ ဦးကို ၁ ခန်း (စာသင်ခန်း)နှုန်းနဲ့ ကျမတို့ သတ်မှတ်တယ်။ ၃၀...