မောင်တောမြို့အနီး AA နှင့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွား

မောင်တောမြို့အနီး AA နှင့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွား

ရခိုင်ပြည်၊ မောင်တောမြို့၊ ကညင်းချောင်းစီးပွားရေးဇုန်အနီးရှိ လဘော်ဇားကျေးရွာ၌ မေလ ၁၅ ရက် ညအချိန်တွင်လည်းကောင်း၊  မေလ ၁၆ ရက်ညနေပိုင်းတွင် မောင်တောမြို့အနီးရှိ ရွှေဇားကျေးရွာအုပ်စုတွင် လည်းကောင်း၊ အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွါးလျှက်ရှိနေကြောင်း သတင်းရရှိသည်။

မေလ ၁၆  ညနေ ၆ နာရီ ၁၀ မိနစ်မှစပြီး မောင်တောမြို့ ရွှေဇားကျေးရွာအုပ်စု၌ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလျှက်ရှိနေသည်ဟု ဒေသခံမွတ်ဆလင်တစ်ဦးက ပြောကြားသည်။

“ လက်နက်ကြီး၊ လက်နက်ငယ်၊ စက်သေနတ်ပစ်ခတ်သံတွေကို ကြားနေရပါတယ်။ ခုလို တိုက်ပွဲ ဖြစ်တော့ ဒေသခံတွေအကြား  စိုးရိမ်မှု မြင့်တက်နေပါတယ်”ဟု ၎င်းက ပြောသည်။

တိုက်ပွဲများမှာ မောင်တောမြို့အနီးထိ ဖြစ်ပွားလာနေပြီး မေလ ၁၅ ရက်ကလည်း လဘော်ဇားရွာတွက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တစ်ညလုံး နှစ်ဖက်ပစ်ခတ်သံများကို ကြားခဲ့ရသည်ဟု ဆိုသည်။

"မနေ့က မေ ၁၅ ရက်က  ည ၉ နာရီကျော်ကနေ မနက် အာရုဏ်တက်ချိန်  ၂ နာရီကျော်နီးပါးအထိ လဘော်ဇားမှာ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြတယ်။ လက်နက်ငယ်၊ လက်နက်ကြီးအသံတွေ ပစ်ခတ်နေကြတာ  တစ်ညလုံးမအိပ်လိုက်ကြရဘူး" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မောင်တောမြို့နယ် ရွေဇားကျေးရွာအုပ်စု၊ လဘော်ဇား၊ ပေါင်းဇား၊ ဂေါ်ညှာ စသည်မွတ်ဆလင်ကျေးရွာများ၌ စစ်ကောင်စီသင်တန်းဆင်း မွတ်ဆလင်များ၊ စစ်ကောင်စီလက်သပ်မွေးထားသည့် ARSA တပ်ဖွဲ့ဝင်များ နှင့် စစ်ကောင်စီတပ်များသည် လဘော်ဇား တံတားအား မိုင်းခွဲဖျက်ဆီးပြီး အေအေတပ်ဖွဲ့ဝင်များ  မောင်တောမြို့တွင်းသို့ မဝင်လာစေရန် စခန်းချနေထိုင်လျှက်ရှိနေကြသည်ဟု အနီးကပ် စစ်ရေး အခြေအနေများကို စောင့်ကြည့်နေသူ တစ်ဦးက ပြောသည်။

" ကျီးကန်းပြင်ဌာနချုပ်နဲ့ လှဖိုးခေါင် နခခ(၁၀)နယ်ခြားစောင့်စခန်းတွေ လက်နက်ချတပ်ဆုတ်ပြီးတာနဲ့ စစ်ကောင်စီးက လှဖိုးခေါင်သွားလမ်းက မွတ်ဆလင်ကျေးရွာတွေအားလုံးနီးပါး မှာ စစ်သင်တန်းဆင်း မွတ်ဆလင်တွေ နဲ့ ARSA အဖွဲတွေ စစ်ကောင်စီတပ်သားတွေကို စခန်းနေရာ ချထားလိုက်ကြတာ"ဟု ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ နှင့် စစ်သွေးကြွမွတ်ဆလင်များသည် ပြီးခဲ့သည့် မေလ ၆ ရက် ညဥ့် ၁၂ နာရီတွင်လည်း မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာ အုပ်စု ဂေါင်ညာရွာ - လဘော်ဇားရွာကြား အလျား ( ၅၀၀) ပေ၊ အနံ ( ၁၂ )ပေ ရှိသော လဘော်ဇား ကွန်ကရစ်တံတားအားမိုင်းခွဲဖျက်ဆီးခဲ့သည်။

၎င်းနောက်ပိုင်းတွင် အေအေတပ်ဖွဲ့ဝင်များသည်  မွတ်ဆလင်ကျေးရွာများ၌ စခန်းနေရာချထားသည့် စစ်သင်တန်းဆင်း မွတ်ဆလင်လက်နက်ကိုင်များ၊ ARSA တပ်ဖွဲ့နှင့် စစ်ကောင်စီ ပူးပေါင်း တပ်ဖွဲ့များအား တစ်ရွာပြီးတစ်ရွာ ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိနေသည်ဟု သိရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားနေရာသို့ စစ်ကောင်စီ ကညင်ချောင်းစီးပွားရေးဇုန် လက်နက်ကြီး အထိုင်စခန်း နှင့် မြို့သူကြီးအခြေစိုက် နခခ(၅)မှ အတွဲလိုက်ဒုံးများပစ်ကူပေးလျှက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။

Most read this week

February 13, 2026
ကျော်သီဟ — ရခိုင်ပြည်၊ ကျောက်တော်မြို့နှင့် မြောက်ဦးမြို့တို့ ယမန်နေ့တစ်ညတည်းတွင်...
February 12, 2026
(တိုက်ပွဲများအတွင်း စစ်တပ်မှ (၉၆) ဦးသေဆုံး၊ (၃၈) ဦး ထိခိုက်ဒဏ်ရာရကာ စစ်တပ်အဖွဲ့ဝင်ပေါင်း (၁၀၁)...
February 11, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးပြည်သူ့ဆေးရုံ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် တစ်ဦးချင်း...
February 10, 2026
ကျော်သီဟ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် လောင်စာအဖြစ် ထင်းကိုအသုံးပြုမှု များလာနေပြီး...